တန်ပါတယ်ဆိုတာတွေထက် ပိုတန်လွန်းတဲ့ (၁)ရာဖိုး(၃)ချောင်းတန် ဝက်သားဒုတ်ထိုး

ဒေါ်လာဈေးတက် ရွှေဈေးမြတ်နေတဲ့အချိန်ကာလကြီးမှာ အရာရာဈေးကြီးနေတဲ့အထဲ  အစားအသောက်တွေလည်းတစ်စတစ်စဈေးကြီးမြင့်လာပါတယ်။ ပုံမှန်စားနေကျအစားအသောက်ဈေးနှုန်းတွေ မြောက်တက်လာပြီဆိုတော့ ဈေးတန်တန်လေးနဲ့စားလို့ကောင်းမယ့် ဘတ်ဂျတ်ဆိုင်လေးတွေကို ရှာဖွေစုဆောင်းရပြန်ပါပြီ။ ဘတ်ဂျတ်ဆိုင်လေးတွေလည်းခေတ်ထနေတော့ အထွေအထူးတော့မရှာလိုက်ရဘူးရယ် ။ မင်မင်တွေ့ထားတဲ့ ဆိုင်လေးကတော့ မြောက်ဥက္ကလာထဲက စပါယ်ရှယ်တန်လွန်းတဲ့ ဝက်သားဒုတ်ထိုးဆိုင်လေးပါ။ ဘယ်မှာမှ မမြင်ဖူးမတွေ့ဖူးသေးတဲ့ (၃)ချောင်း(၁၀၀)ကျပ်ဈေးနှုန်းနဲ့ အမုန်းစွဲဗုံးကျဲနိုင်မယ့်ဆိုင်လေးပါ။

(၃)ချောင်း(၁၀၀)ကျပ်ပေမယ့် အရသာတော့လျှော့မတွက်လိုက်နဲ့နော်။ တစ်ချောင်းစားလိုက်ရင်ကို ဝက်သားအရသာပေါ်လွင်ပြီး လျှာပေါ်အိစိမ့်ထွက်နေတာပဲ။ အရမ်းနူးနူးကြီးဖြစ်မနေဘဲ အနေတော်လေးဆိုတော့ ဝါးလို့ကောင်းတဲ့အနေလေးရယ်။ အရွယ်အစားကတော့ သိပ်မကြီးဘူးရယ်။ (၂)ချောင်းပူးဆွဲမှ အာခံတွင်းနဲ့အပြည့်လောက်ဖြစ်တာရယ်။ သန့်ရှင်းမှုကတော့ အရမ်းကြီးသန့်နေတာမျိုးတော့ မဟုတ်သလို စိတ်မသန့်တာမျိုးလည်းမရှိဘူး။ ပုံမှန်အနေအထားလောက်ပဲ။ ဝက်အူချောင်းဒုတ်ထိုးစားမယ်ဆိုရင်တော့ တစ်ချောင်းကို(၅၀)ကျပ် ။ သူလေးလည်းတန်ပြန်တာပဲ။ ဝက်အူချောင်းအသားထုတ်ထုတ်လေးနဲ့ အဆီတွေအရမ်းကြီးမပါဘူးရယ်။

ဒီဆိုင်မှာအဆင်မပြေတာကတော့ ဟင်းရည်မပေးတာပဲ။ ဝက်သားဒုတ်ထိုးကို ဟင်းရည်နဲ့မှတွဲစားချင်တယ်ဆိုရင်တော့ ဒီဆိုင်လေးနဲ့သိပ်မကိုက်ဘူးရယ်။ ကြာဆံကြော် ၊ ထမင်းတွေမရဘူး။ ဝက်သားဒုတ်ထိုးသီးသန့်မှ လုံးဝသီးသန့်ပဲ။ အသားအရသာကောင်းတာတော့ လုံးဝစိတ်ချရတယ်။ တစ်လုပ်ဆိုတစ်လုပ် တကယ်ခံတွင်းတွေ့တယ်။ နာမည်ကြီးလူသိများပြီးသားဆိုင်ဆိုတော့ အထွေအထူးပြောနေစရာမလိုပါဘူးနော်။ ဆိုင်နေရာလေးကတော့ မြောက်ဥက္ကလာပမြို့နယ် ၊ “ဈ”ဈေးဘေးကပ်ရပ် ၊ ဈေးပတ်လမ်းထိပ် ၊ ထွန်းဘရားသားအိတ်ဆိုင်ဘေးမှာပါ။ (၁)ရာဖိုး(၃)ချောင်းနဲ့ ဝက်သားဒုတ်ထိုးကို အဝတီးဖို့ကြံရွယ်ထားရင်တော့ မြန်မြန်လေးသာဒိုးလိုက်တော့နော်။

 

Image Source: www.facebook.com

 

Leave A Comment

Your email address will not be published. Required fields are marked *