(၆)ထောင်ထိဈေးတက်သွားပေမယ့် စားလို့ကောင်းနေဆဲ ဇဝနငါးကင်

Junction ဇဝနရှေ့ကငါးကင်ဆိုရင် သင်္ဃန်းကျွန်းအနီးတဝိုက်ကလူတွေ မသိသူမရှိသလောက်ရှားမယ်လို့ထင်ပါတယ်။ ဆိုင်ဖွင့်ချိန်ကစလို့ စားသုံးသူတွေအုတ်အုတ်ကျက်ကျက်နဲ့ တအားရောင်းအားကောင်းတဲ့ ငါးကင်ဆိုင်လေးဆိုလည်းမမှားပါဘူး။ ဆိုင်ရှေ့ကဖြတ်လျှောက်ရင်တောင် ငါးကင်နံ့သင်းသင်းလေးက ဆွဲဆောင်လွန်းနေလို့ ဝင်မစားဘဲမနေနိုင်အောင် ဇီဝိန်ကြွေရတာလည်း အကြိမ်ကြိမ်ပါပဲ။ အရင်ကဆိုရင် ငါးကင်တစ်ကောင်ကို (၅)ထောင်ကျပ်ပဲပေးရပေမယ့် အခုဆိုရင်တော့ (၆)ထောင်ကျပ်ဖြစ်သွားပါပြီ။ (၆)ထောင်ကျပ်ဆိုလို့ ကုန်ဈေးနှုန်းတွေကြောင့်တိုးမြှင့်သွားတယ်လို့ပဲ မင်မင်ကတော့ တွေးမိပါတယ်။ ငါးကောင်လုံးရဲ့အရွယ်အစားကတော့ အရင်အတိုင်းပါပဲ။

အရသာကတော့လုံးဝမပြောင်းလဲပါဘူး။ မင်မင်ကတော့ ငါးကင်ဆိုအချိုမစားတတ်တော့ အစပ်အရာသာပဲညွှန်းပေးနိုင်တယ်ရယ်။ မွှေးကြိုင်နေအောင်ကင်ထားတဲ့ ငါးကင်အသားလေးတွေပေါ်မှာ ချဉ်ငံစပ်အနှစ်လေးတွေဆမ်းထားတော့ အနှစ်အရသာတွေက ငါးအသားလွှာတွေအထဲထိစိမ့်ဝင်နေတော့ ငါးအသားတွေအရသာက ပိုမြိုင်ဆိုင်နေရော။ ငါးကင်လေးရဲ့အပေါ်ယံက သံပုရာခြမ်းကိုညှစ်ပြီး ငါးအနှံ့ဖြူးလိုက်တော့ သံပုရာနံ့လေးမွှေးပြီး အချဉ်စူးစူးလေးနဲ့ ချဉ်ငံစပ်အရသာပိုပြီးပေါ်လွင်တယ်။ အရင်တည်းက ငါးအရွယ်အစားက (၂)ယောက်အဝစားစာကြီးဆိုတော့ ခုလည်းငါးအရွယ်အစားကတော့ အထွေအထူးမိတ်ဆက်နေစရာမလိုပါဘူးနော်။ အကြီးကြီးမီအကြီးကြီးပါပဲ။

(၁)ထောင်လောက်ဈေးတက်သွားပေမယ့် ပေးရတဲ့ဈေးနဲ့တော့ တန်နေတုန်းပါပဲ။ ဆော့စ်ကလုံးဝလိုက်ဖက်ကောင်းမွန်ပြီး လိုသလောက်ယူလို့ရအောင် ခရားလေးနဲ့ထည့်ပေးထားတော့ ပိုပြီးစိတ်ချမ်းသာရတယ်။ ရုံးပတီသီးကင်ကလည်း လိုသလောက်ထပ်ထပ်ပေးတော့ အားကြီးကျေနပ်ချက်ပဲ ။ ရုံးပတီသီးကင်လေးလည်းစားကောင်းတယ်။ အရမ်းကြီးပြဲနေအောင်မကင်ထားဘဲ မာဆတ်ဆတ်လေးနဲ့တဂျွမ်းဂျွမ်းဝါးစားရတာ အတော်လေးအဆင်ပြေတယ်။ ဝန်ထမ်းလေးတွေကလည်းဆက်ဆံရေးကောင်းတယ်ဆိုတော့ ငါးကင်ဆိုရင် မင်မင့်ခံတွင်းကဒါလေးနဲ့မှ အဆင်ပြေတယ်ကွယ်။ ဆိုင်နေရာလေးကတော့ တာမွေဘက်ကလာရင် ဇဝနမှတ်တိုင် Junction ဇဝနရှေ့မှာပဲဖြစ်ပါတယ်။ စံပြဈေးဘက်ကလာရင်တော့ ခပ်ချီးယားမှတ်တိုင်မှာဆင်းပြီး နောက်ကိုပြန်လျှောက်ရင် ပိုနီးပါတယ်နော်။

Leave A Comment

Your email address will not be published. Required fields are marked *