အနှစ်အရသာပြည့်ဝပြီး အစပ်အဟပ်တည့်တဲ့ဇလုံထမင်းသုပ်ဆိုင်လေး

ဘာပဲစားစား ထမင်းပါမှတင်းတိမ်ပါတယ်ဆိုတဲ့ အစားတစ်လိုင်းတွေအတွက် ဇလုံထမင်းသုပ်ဆိုင်လေးတစ်ဆိုင်ညွှန်းပေးမယ်နော်။ ဆိုင်နာမည်လေးက “ဝင်းဝင်းဇလုံထမင်းသုပ်” ပါ။ ထမင်းသုပ်တစ်ပွဲကို(၁၄၀၀)ကျပ်တည်းနဲ့ ဗိုက်အဝဖြည့်လို့ရမယ့်ဆိုင်လေးပါ။ ထမင်းသုပ်တွေကိုတော့ လက်ဖက် ၊ ပုန်းရည်ကြီး ၊ ပုဇွန်ခြောက်စတဲ့ အနှစ်ကောင်းကောင်းလေးတွေနဲ့ စိတ်ကြိုက်စားနိုင်မယ့်ဆိုင်လေးပါ။ ထမင်းသုပ်နဲ့ တွဲဖက်စားဖို့ကိုတော့ ကြက် ၊ ဝက် ၊ ငါး စတဲ့ဟင်းတွေရနိုင်တယ်။

စိတ်ကြိုက်အနှစ်နဲ့နယ်ပေးထားတဲ့ ထမင်းသုပ်ရယ် ၊ အသားတွေရယ်အပြင် အပေါ်ယံကနေ သရက်သီးစိမ်း ၊ သခွားသီး ၊ အာလူးကြော် ၊ ကြက်ဥ ၊ ဆလပ်ရွက်နဲ့ မြေပဲဆံလေးတွေပါဖြူးထားပေးတော့ စားလို့ကောင်းနေရောပဲ။ ထမင်းသုပ်ထားတာကလည်း အပေါ့အငံမျှတပြီး အစပ်အဟပ်တည့်လေးဆိုတော့ စားလို့တော်တော်လေးအဆင်ပြေတယ်ရယ်။ အသားမပါဘဲ ထမင်းသုပ်ပလိန်းကြီးစားရင်တောင် တော်တော်လေးအရသာရှိတယ်ရယ်။ ဝန်ဆောင်မှုလေးလည်းမဆိုးဘူးရယ်။ (၁၄၀၀)ကျပ်တည်းနဲ့ကတော့ တစ်နပ်စာဗိုက်ဖြည့်ဖို့အကောင်းဆုံးနေရာလေးပါပဲ။

ဆိုင်မျက်နှာကျက်မှာ ပုသိမ်ထီးလေးအလှဆင်ပေးထားပြီး သပ်ရပ်သန့်ရှင်းတဲ့အခင်းအကျင်းလေးတွေနဲ့ အဲကွန်းအေးအေးဆိုတော့ ဒီလောက်ဈေးနှုန်းနဲ့ ဒီလိုအေးအေးဆေးဆေးလေးသုံးဆောင်ရတာ တော်တော်လေးအဆင်ပြေတယ်။ ဝင်းဝင်းဇလုံထမင်းသုပ်ကတော့ မြောက်ဥက္ကလာ ဆေး(၂)အကျော်၊ ခေမာသီလမ်းမပေါ် ၊ စည်ပင်ရုံးရှေ့မှာပါ။ ဥက္ကလာမှတ်တိုင်ကနေ ဆင်းလျှောက်သွားလို့ရပါတယ်နော်။

 

Image Source: www.facebook.com/foodsplacesvisited

Leave A Comment

Your email address will not be published. Required fields are marked *