ရာသီပေါ်ဓာတ်စာဖျော်ရည်လေးတွေသောက်သုံးပြီး ပူလောင်အိုက်စက်မှုဒဏ်ကနေ ရုန်းထွက်ကြမယ်…..

အပူချိန်ပိုမိုမြင့်မားလာတာနဲ့အမျှ အိုက်စက်စက်နွေရာသီဟာ နေထိုင်ရခက်လာစေပါတယ်။ အပူဒဏ်ကြောင့် ဘာပဲလုပ်လုပ် ချွေးထွက်များနေပြီး စိတ်ညစ်နွမ်းလာကာ အစားအသောက်တွေပါပျက်လာတတ်ပါတယ်။ ဒါကြောင့်အမောအပန်းလည်းပြေ ရင်အေးပြီးအပူငြိမ်းစေမယ့် ဓာတ်စာဖျော်ရည်လေးတွေကို သောက်သုံးပေးသင့်ပါတယ်။ အထွေအထူးလိုက်ရှာနေစရာမလိုပဲ ရာသီပေါ်အသီးအနှံလေးတွေကိုပဲ အလွယ်တကူသောက်သုံးနိုင်စေဖို့အတွက် Foodies Navi ကနေလမ်းညွှန်ပေးချင်ပါတယ်။

ဖရဲသီးဖျော်ရည်

ဖရဲသီးကတော့ အခုချိန်မှာအပေါဆုံး ရာသီပေါ်အသီးတစ်မျိုးပဲဖြစ်ပါတယ်။ ဖရဲသီးဝယ်စားတဲ့အခါမှာ ချိုဖို့မချိုဖို့ဆိုတာက အစိုးမရနိုင်ပါဘူး။ ဒီတော့ ထွေထွေထူးထူးအကြံအိုက်မနေတော့ဘဲ ဖရဲသီးတွေကို ခပ်ပါးပါးလေးစိတ်ပြီး Blender ထဲကိုထည့်ကာ သကြား ၊ ဆားအနည်းငယ် ၊ ရေခဲတုံးလေးတွေနဲ့အတူ ရောကြိတ်ပြီးဖျော်ရည် ဖျော်သောက်မယ်ဆိုရင်တော့ ရင်ကိုအေးမြစေပြီး ဆီးလမ်းကြောင်းအတွက်လည်းကောင်းမွန်စေမှာဖြစ်ပါတယ်။

သခွားမွှေးသီးဖျော်ရည်

သခွားမွှေးသီးကတော့ အရမ်းမပေါသေးပေမယ့် စျေးတိုင်းလိုလိုမှာဝယ်ယူနိုင်တာကြောင့် အလွယ်တကူဖျော်သောက်လို့ရတဲ့ဖျော်ရည်လေးပါ။ သခွားမွှေးသီးကိုအခွံနွှကာ ပါးပါးလေးတွေစိတ်ပြီး Blender ထဲထည့်ကာ နို့ဆီ ၊ သကြား ၊ ဆားအနည်းငယ် ၊ ရေခဲတုံးတွေနဲ့ရောကြိတ်ပြီး ဖျော်ရည်ဖျော်သောက်မယ်ဆိုရင်တော့ ချိုချိုအေးအေးမွှေးမွှေးလေးနဲ့ တကယ်အမောအပန်းပြေစေနိုင်မှာဖြစ်ပါတယ်။ သခွားမွှေးသီးဟာ အသားအရေစိုပြေစေဖို့အတွက် အထောက်အကူပြုပေးနိုင်တာကြောင့် နေပူလောင်ဒဏ်ကြောင့် အသားအရေခြောက်သွေ့တာတွေကို ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

တရုတ်ဆီးသီးဖျော်ရည်

တရုတ်ဆီးသီးလို့ရန်ကုန်မှာခေါ်ကြသလို လေချုသီးလို့လည်း လူသိများပါတယ်။ စစ်ကိုင်းဘက်မှာကိုယ်တိုင်စိုက်ပျိုးကြတဲ့ အသီးဖြစ်တာကြောင့် စစ်ကိုင်းသီးလို့လည်းခေါ်ကြတဲ့ အသီးလေးတွေဟာလည်း လိုင်ချီးသီးအရသာလို ချိုမြမြလေးနဲ့တမျိုးဆန်းတဲ့အသီးလေးဖြစ်ပါတယ်။ ဒီအသီးလေးတွေကို အခွံနွှာ အထည့်ထိအစိလေးတွေဖယ်ပြီး သကြား ၊ ဆားအနည်းငယ် ၊ ရေခဲတုံးလေးတွေနဲ့အတူ ထည့်ကြိတ်ပြီးဖျော်ရည်ဖျော်သောက်မယ်ဆိုရင် တကယ့်ကိုခံတွင်းရှင်းပြီး စိတ်ကြည်လင်လန်းဆန်းစေနိုင်မှာဖြစ်ပါတယ်။

မန်ကျည်းဖျော်ရည်

မန်ကျည်းဖျော်ရည်ကတော့ ပူအိုက်တဲ့ရာသီမှာ ခံတွင်းရှင်းပြီးဝမ်းအေးစေတယ်ဆိုပေမယ့် အချဉ်စူးရှတာကြောင့် များများသောက်သုံးပေးလို့မသင့်တော်ပါဘူး ။ မန်ကျည်းသီးကိုရေစိမ်ထားပြီး ထန်းလျက်ရည်ကျဲကျဲလေးဖျော်ကာ နှစ်မျိုးရောစပ်ပြီး ရေခဲတုံးလေးတွေစိမ်သောက်မယ်ဆုရင်တော့ ဝမ်းမှန်စေပြီးသွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။

စတော်ဘယ်ရီသီးဖျော်ရည်

မိန်းကလေးတော်တော်များများ ကြိုက်နှစ်သက်ကြတဲ့ စတော်ဘယ်ရီသီးဟာ ဒီရာသီမှာတော်တော်လေးစျေးပေါလာပြီဆိုတော့ ဖျော်သောက်လို့တော်တော်အဆင်ပြေတဲ့အသီးလေးပါပဲ။ အသီးအညှာက အရွက်လေးတွေကိုဖယ် တစ်လုံးချင်းစီဆေးကြောသန့်စင်ပြီး Blender ထဲထည့်ကာ နို့ဆီ ၊ သကြား ၊ ဆားအနည်းငယ် ၊ ရေခဲတုံးလေးတွေနဲ့ရောကြိတ်ပြီး ဖျော်သောက်မယ်ဆိုရင်တော့ ချဉ်ပြုံးပြုံးချိုမြမြ အရသာလေးတွေပေါင်းစပ်ပြီး အရမ်းသောက်လို့ကောင်းတဲ့ ဖျော်ရည်လေးတစ်ခွက်ပါပဲ။

ကဲ..ဒီတော့ ပူပြင်းအိုက်စက်တဲ့နွေရာသီမှာ တစ်နေ့တစ်မျိုးမရိုးနိုင်တဲ့ ဖျော်ရည်လေးတွေဖျော်သောက်ရင်း အပူဒဏ်ကိုဖြေဖျောက်ကြရေအောင်။

Leave A Comment

Your email address will not be published. Required fields are marked *