ဆိုင်မှာဝယ်စားတဲ့လက်ရာအတိုင်းတစ်ထပ်တည်းရရှိနိုင်မယ့် မာလာရှမ်းကောပြုလုပ်နည်း

အစားတစ်လိုင်းတို့အကြိုက်များနေတဲ့ မာလာရှမ်းကောကို ဆိုင်တွေမှာဝယ်စားမယ်ဆိုရင် စျေးကြီးတဲ့အပြင် ဆိုင်ထိသွားနေရတော့ အချိန်ကုန်လူပင်ပန်းသေးတယ်နော် ။ ဒီတော့ အိမ်မှာတင် ငွေအကုန်အကျသက်သာစွာနဲ့ မာလာရှမ်းကောလုပ်စားနိုင်မယ့် နည်းလမ်းလေးကို Foodies Navi ကနေ ဝေမျှပေးချင်ပါတယ်။ ပြုလုပ်ရတဲ့အဆင့်တွေများပေမယ့် အိမ်မှာပဲသက်တောင့်သက်သာပြုလုပ်ရမှာဆိုတော့ အရမ်းကြီးတော့မခက်ခဲပါဘူးနော်။

မာလာရှမ်းကောပြုလုပ်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့-

  • -နာနတ်ပွင့်
  • -သစ်ဂျပိုးခေါက် (မြန်မာပရဆေးဆိုင်တွေမှာ ဝယ်ယူလို့ရပါတယ်)
  • -ငရုတ်သီးခြောက်
  • -နှစ်သက်ရာအရွက်အသီးများ(ထိုင်ဝမ်မုန်ညင်း ၊ ဆူကာညွန့် ၊ ကန်စွန်းရွက် ၊ ပန်းစိမ်း ၊ အပ်မှို ၊ အီတာရှီကီမှို ၊ ကြာစွယ် ၊ အာလူး ၊ Baby Corn ၊ ကျောက်ပွင့် )
  • -နှမ်း
  • -မြေပဲဆံ
  • -မာလာအနှစ် (City Mart တွေမှာဝယ်ယူလို့ရပါတယ်)
  • -ခေါက်ဆွဲခြောက်
  • -ကြိုက်နှစ်သက်ရာအသား(ကြက် ၊ ဝက် ၊ အမဲ ၊ ပင်လယ်စာ ၊ အသားလုံး ၊ ကြက်အူချောင်း)

အရင်ဦးဆုံး ကြိုက်နှစ်သက်တဲ့ အသားတွေကိုထည့်ပြုတ်ထားပါ ။ နူးသွားရင်တော့ တစ်ခါစားအနေလေးတွေ လှီးထားပေးပါ။ ကြိုက်နှစ်သက်ရာ အရွက်အသီးတွေကိုရေနွေးဖျောထားပါ။ ခေါက်ဆွဲကို ရေနွေးပူပူထဲထည့်ပြုတ်ပြီး မပျော့မမာလေးဖြစ်တဲ့အခါ ဆယ်ယူထားပါ။ ငရုတ်သီးအခြောက်တောင့်လေးတွေကို ဆီမွှေးသတ်ပေးပါ။  ကြက်သွန်ဖြူ ၊ နာနတ်ပွင့်နဲ့ သစ်ဂျပိုးခေါက်ကို ရောထောင်းပြီးဆီမွှေးသတ်ပါ။ ဆီသတ်တဲ့အထဲကို မာလာအနှစ်ဖောက်ထည့်ပြီး အသားတွေကိုရောထည့်ပါ။ ပြီးရင်တော့ ငရုတ်သီးအတောင့်ကြော်တွေကိုထည့်ပါ။ အသီးအရွက်တွေကိုလည်း ရောထည့်ပေးပါ။ အကုန်လုံးသမအောင်မွှေပြီး ခေါက်ဆွဲတွေကိုထည့်ပြီး ရောလှိမ့်ပေးပါ။ နှမ်း ၊ မြေပဲဆံလေးတွေအပေါ်ယံကနေ ဖြူးပေးမယ်လိုက်ရင်တော့ အသင့်သုံးဆောင်နိုင်တဲ့ မာလာရှမ်းကောလေးရပါပြီနော်။

Leave A Comment

Your email address will not be published. Required fields are marked *