သင်္ကြန်သရုပ်ကိုဖော်ကျူးနိုင်ဖို့ ရာသီစာမုန့်လုံးရေပေါ်လေးတွေလုပ်စားကြရအောင်

မြန်မာ့ရိုးရာနှစ်သစ်ကူးပွဲတော်ဖြစ်တဲ့ သင်္ကြန်အချိန်အခါသမယကို မကြာခင်မှာရောက်ရှိလာတော့မှာဆိုတော့ နှစ်သစ်ကူးစတုဒီသာမုန့်တွေလုပ်ဖို့ တွေးတောနေလောက်ပြီထင်ပါတယ်နော်။  သင်္ကြန်သရုပ်ကိုဖော်ကျူးတဲ့ ရိုးရာမုန့်တွေထဲမှာ မုန့်လုံးရေပေါ်ကတော့ မပါမဖြစ်ပါပဲ။ လုပ်ရတာလက်ဝင်သလို ပျော်ပျော်ပါးပါးစုပေါင်းလုပ်မှ ပိုမိုစားကောင်းတာကြောင့် မုန့်လုံးရေပေါ်ကို သင်္ကြန်တွင်းမှသာလုပ်စားတတ်ကြပါတယ်။ တစ်နှစ်မှာတစ်ခါပဲလုပ်စားဖြစ်တဲ့ သင်္ကြန်ရာသီစာမုန့်လုံးရေပေါ်လုပ်နည်းလေးကို မေ့နေကြမှာစိုးလို့ Foodies Navi ကနေ ပြောပြပေးချင်ပါတယ်။

မုန့်လုံးရေပေါ်ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့-

  • -ယိုးဒယားကောက်ညှင်းဆန်မှုန့်
  • -ထန်းလျက်ခဲ
  • -ဆားအနည်းငယ်
  • -မရင့်မနုအုန်းသီး

မုန့်လုံးရေပေါ်ပြုလုပ်ဖို့အတွက် အရင်အချိန်တွေကလို ကောက်ညှင်းဆန်တွေကြိတ်ပြီး ရေစစ်နေစရာမလိုဘဲ အဆင်သင့်ရရှိနိုင်တဲ့ ယိုးဒယားကောက်ညှင်းဆန်မှုန့်ကို ဆားအနည်းငယ်ထည့်ပြီး မုန့်လုံးရေပေါ်လုံးလို့ကောင်းမယ့် အနေတော်ရေပမာဏကိုထည့်ကာ သမအောင်မွှေပြီးနယ်ပေးပါ။ ထန်းလျက်ခဲတွေကို လက်တစ်ဆစ်အရွယ်လေးတွေစိပ်ထားပေးပါ။ ၄လုံးဝင်ဒန်အိုးထဲမှာ ရေ(၃)ပုံ(၂)ပုံလောက်ထည့်ပြီး ပွက်ပွက်ဆူအောင်တည်ထားပါ။ အုန်းသီးကိုအခွံခွာပြီး ထက်ခြမ်းခြမ်းထားပေးပါ။ နယ်ထားတဲ့ကောက်ညှင်းစီးစီးလေးတွေကို တစ်ခါစားစာလေးတွေကို ဖဲ့ပြီး စိပ်ထားတဲ့ထန်းလျက်လေးတွေကိုထည့်ကာ ထန်းလျက်ခဲစိပ်လေးတွေလုံအောင် မုန့်နှစ်လေးတွေနဲ့လုံးလေးပါ။  ပွက်ပွက်ဆူနေတဲ့ရေနွေးထဲကို မုန့်လုံးလေးတွေကိုထည့်လိုက်ပါ။ မုန့်လုံးလေးတွေရေပေါ် ပေါ်လာပြီဆိုရင်တော့ ဆယ်ယူထားလို့ရပါပြီနော်။

ပြီးရင်တော့ ထက်ခြမ်းခြမ်းထားတဲ့အုန်းသီးတွေကို ခြစ်ပြီးမုန့်လေးရေပေါ်လေးနဲ့တွဲဖက်စားနိုင်ပါပြီနော် ။ နောက်ထပ်လည်းအလွယ်တကူလုပ်စားလို့ရတဲ့ မုန့်လုပ်နည်းလေးတွေပြောပြပေးဦးမှာဆိုတော့ Foodies Navi Facebook Page ကို Like လုပ်ထားလိုက်တော့နော်။

Leave A Comment

Your email address will not be published. Required fields are marked *