အသားအရွက်တွေစိတ်ကြိုက်ထည့်ပြီး ရှယ်ထမင်းပေါင်းလုပ်စားကြမယ်

နေ့စဉ်စားနေကြထမင်းကိုပဲ ကြော်လိုက် ၊ သုပ်လိုက်နဲ့အမျိုးမျိုးလုပ်စားလို့ရသလို အသီးအရွက်အသားတွေရောနှောပြီး ထမင်းပေါင်းလုပ်စားလို့ရပါသေးတယ်။ အစားတစ်လိုင်းတော်တော်များများက ထမင်းသုပ်နဲ့ထမင်းကြော်တွေကိုသာ အိမ်မှာလုပ်စားတတ်ကြပေမယ့် ထမင်းပေါင်းကိုတော့ ဆိုင်မှာပဲဝယ်စားကြတာများပါတယ်။ ဆိုင်တွေဝယ်စားတဲ့ ထမင်းပေါင်းတစ်ပွဲရဲ့တန်ဖိုးက အိမ်မှာဆို (၂)ယောက်လောက်အဝစားနိုင်သလို စိတ်ကြိုက်အသီးအရွက်နဲ့အသားတွေကိုလည်း အပုံလိုက်ကြီးထည့်လို့ရသေးတယ်နော်။ ဒါကြောင့် ဒီတစ်ခါမှာတော့ အလွယ်တကူထမင်းပေါင်းပြုလုပ်လို့ရတဲ့ နည်းလမ်းလေးတွေကိုပြောပြပေးချင်ပါတယ်။

ထမင်းပေါင်းပြုလုပ်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့-

  • -နှစ်သက်ရာအသားတစ်မျိုး (ကြက် ၊ ဝက် ၊ ပင်လယ်စာ)
  • -တရုတ်မဆလာ
  • -ငရုတ်ကောင်း
  • -ကြက်သားမှုန့်
  • -တရုတ်နံနံ
  • -ကော်ရည်
  • -ကြက်သွန်ဖြူ/နီ
  • -နှစ်သက်ရာအသီးအရွက်များ(ပန်းဂေါ်ဖီ ၊ မုန်လာဥနီ ၊ မုန်ညင်းထုပ် ၊ ဘိုစားပဲ ၊ မှို ၊ ခရမ်းချဉ်သီး ၊ Baby Corn )
  • -ပဲငံပြာရည်အကြည်
  • -ခရုဆီ
  • -ငုံးဥပြုတ်

ထမင်းပေါင်းပြုလုပ်ဖို့အတွက် ပထမဦးဆုံး ထမင်းအိုးတည်ထားပြီး ငုံးဥပါထမင်းအိုးထဲထည့်ပြုတ်ထားပါ။ နှစ်သက်ရာအသားတစ်မျိုးကို တစ်လုပ်စာပမာဏလေးတွေဓားနဲ့စင်းပြီး အသားမှုန့် ၊ တရုတ်မဆလာ ၊ ငံပြာရည် ၊ ငရုတ်ကောင်းတွေရောထည့်ကာ အသားထဲစိမ့်ဝင်အောင်နယ်ပေးထားပါ။ ကြက်သွန်ဖြူနဲ့ကြက်သွန်နီကို ရောထောင်းပြီး ဆီအိုးပူထဲကိုထည့်ပါ။ ပြီးရင်တော့ ခရမ်းချဉ်သီးထည့်ပြီး ကြက်သားမှုန့်အနည်းငယ်ထည့်ပြီးမွှေပေးပါ။ ခရမ်းချဉ်သီးအနည်းငယ်နွမ်းသွားပြီဆိုရင် အရသာနယ်ထားတဲ့အသားတွေကိုထည့်ပါ။ အသားတွေအတော်အသင့်နူးသွားပြီဆိုရင်တော့ အသီးအရွက်တွေရောထည့်ပါ။ အသီးအရွက်တွေနဲ့အသားတွေ နူးအိပြီးအရသာစိတ်ကြိုက်ဖြစ်ပြီဆိုရင်တော့ ပဲငံပြာရည်အကြည် ၊ ခရုဆီ ၊ ကော်ရည် ၊ ငုံးဥ ၊ ကြက်သွန်မြိတ်တွေကိုသမအောင်ရောမွှေပေးပါ။ ၃မိနစ်လောက်ကြာရင်တော့ ထမင်းပူပူလေးပေါ်လောင်းချပြီး ငရုတ်ကောင်းလေးဖြူးကာအရသာရှိတဲ့ ထမင်းပေါင်းမွှေးမွှေးလေးကို သုံးဆောင်လို့ရပါပြီနော်။

Leave A Comment

Your email address will not be published. Required fields are marked *