စိတ်ကြိုက်အသားတွေထည့်စားနိုင်ဖို့ အိမ်မှာတင်ကြေးအိုးလုပ်စားကြမယ်…

နေမကောင်းတဲ့အချိန်တွေမှာပဲဖြစ်ဖြစ် ထမင်းအစားထိုးနေ့လည်စာ ၊ ညစာတွေအတွက်ပဲဖြစ်ဖြစ် စားလို့ကောင်းပြီးရိုးမသွားနိုင်တဲ့ အစားအစာလေးကတော့ ကြေးအိုးပဲဖြစ်ပါတယ်။ ကလေးလေးအရွယ်ကနေ ဘိုးဘိုးဘွားဘွားအရွယ်အထိ မကြိုက်သူမရှိသလောက်ရှားတာကြောင့် ကြေးအိုးကို အိမ်မှာလုပ်စားမယ်ဆိုရင် တစ်အိမ်လုံးကြိုက်နှစ်သက်ကြလိမ့်မယ်ထင်ပါတယ်။ ဒါကြောင့် Foodies Navi ကနေ ဆိုင်တွေမှာရောင်းချနေတဲ့ ကြေးအိုးလက်ရာအတိုင်းရရှိစေနိုင်မယ့် ကြေးအိုးပြုလုပ်နည်းလေးကို ပြောပြပေးချင်ပါတယ်။

ကြေးအိုး(၅)ပွဲစာပြုလုပ်ဖို့အတွက် ပါဝင်ပစ္စည်းတွေကတော့ –

  • -ဝက်ရိုး/ကြက်ရိုး (၂၅ကျပ်သား)
  • -တောက်တောက်ဆင်းထားတဲ့ အသား (၅၀ကျပ်သား)
  • -ကြက်သွန်ဖြူ (၃မွှာ)
  • -မုန်ညင်းခါး
  • -ဆန်ကြာဆံ(၃၀ကျပ်သား)
  • -ငုံးဥ (၁၀လုံး)
  • -ငါးဖယ်လုံး(၂၀)လုံး
  • -ဝက်ကလီစာ/ကြက်အသဲအမြစ်
  • -ပဲငဲပြာရည်(ထမင်းစားဇွန်း၂ဇွန်း)
  • -ဆား(ထမင်းစားဇွန်း ၁ဇွန်း)
  • -ကြက်သားမှုန့် (ထမင်းစားဇွန်း ၁ဇွန်း)
  • -ငရုတ်ကောင်းမှုန့် (လက်ဖက်ရည်ဇွန်း၁ဇွန်း)
  • -နှမ်းဆီမွှေး(လက်ဖက်ရည်ဇွန်းတစ်ဝက်ခန့်)

 

ပြုလုပ်ပုံကတော့ ဝက်ရိုး/ကြက်ရိုးကို ရေစင်အောင်ဆေးပြီး အိုးတစ်လုံးထဲထည့်ကာ ရေမြုပ်ရုံလောက်ထည့်ပြီး အဖုံးဖွင့်ပြီးပြုတ်ပါ။ ရေပွက်ပြီးအမြုပ်တွေထလာရင်တော့ မီးဖိုပေါ်ကချပြီး အိုးထဲကအရည်တွေကိုသွန်ပစ်ပါ။ အရိုးကို ရေအေးအေးမှာပြန်ဆေးပြီး ရေ(၄)လီတာ ၊ ဆား ၊ကြက်သားမှုန့်တို့ကိုထည့်ပြီး မီးအေးအေးနဲ့(၃)နာရီခန့်တည်ထားပါ။

ဟင်းချိုအိုးတည်ထားတဲ့အချိန်မှာ ကလီစာတွေကိုရေဆေးသန့်စင်ပြီး ကြက်သားမှုန့် ၊ ပဲငံပြာရည်တို့နဲ့နယ်ကာ ရေခမ်းပြုတ်ပြီး ပါးပါးလှီးထားပါ။ ကြာဆံကိုမာမာလေးပြုတ်ထားပါ။ ရေနွေးအိုးတစ်အိုးတည်ပြီး ငါးဖယ်ကိုထည့်ပြုတ်ပါ။ ငါးဖယ်ဆယ်ပြီးရင်တော့ မုန့်ညင်းခါးတွေကို အနေတော်အရွယ်လှီးပြီး ထည့်ပြုတ်ပါ။ နူးသွားရင် ဆည်ထားလိုက်ပါ။ ပြုတ်ထားတဲ့ငုံးဥတွေကို အခွံခွာထားပါ။

အသားပြုလုပ်ဖို့အတွက်ကိုတော့ အသားကိုခရုဆီ ၊ ကြက်သားမှုန့် ၊ ပဲငံပြာရည် ၊ ကြက်သွန်ဖြူ ၊ ငရုတ်ကောင်းမှုန့် ၊ သကြား ၊ နှမ်းဆီမွှေးတို့နဲ့ နယ်ပြီးနှပ်ထားပါ။ ဒါဆိုရင်တော့ ကြေးအိုးတစ်ပွဲပြင်ဆင်ဖို့အတွက် အသင့်ဖြစ်နေပါပြီနော်။

ကြေးအိုးပြင်ဆင်ဖို့အတွက် အိုးသေးသေးလေးတစ်လုံးထဲမှာ ဟင်းရည်အိုးထဲကဟင်းရည်တွေကို ဟင်းချက်တဲ့ဇွန်း (၅)ဇွန်းထည့်ပြီး မီးဖိုပေါ်တင်ထားပါ။ နှပ်ထားတဲ့အသားတွေကို အသားလုံးလေးတွေလုပ်ပြီး ထည့်ပြုတ်ပါ။ ဆူပွက်လာရင်တော့ ငုံးဥ ၊ ကလီစာ ၊ ငါးဖယ်တွေထည့်ပါ။ ပြီးရင်တော့ ပန်းကန်လုံးတစ်ခုထဲမှာ ပြုတ်ထားတဲ့ကြာဆံ ၊ မုန်ညင်းရွက်တွကိုထည့်ထားပြီး အသားတွေပါတဲ့ဟင်းရည်တွေကိုလောင်းထည့်ပါ။

ကြေးအိုးဆီချက်ပြင်ဆင်ဖို့အတွက်ဆိုရင်တော့ အသားပြုတ်မယ့်ဟင်းရည်အိုးထဲမှာ ဟင်းချက်တဲ့ဇွန်း(၂)ဇွန်းခန့် ဟင်းရည်တွေကိုထည့်ပြီး အသားလုံးထည့်ပြုတ်ပါ။ ဆူပွက်လာရင်တော့ ငုံးဥ ၊ ကလီစာ ၊ ငါးဖယ်များကိုထည့်ပြုတ်ပြီး ပွက်လာရင်ဟင်းရည်အိုးကိုချထားပါ။ ဆီချက်ပြုလုပ်မယ့် ပန်းကန်ထဲမှာ ကြာဆံပြုတ်ကိုထည့်ပြီး ကြက်သွန်ဖြူဆီချက် ၊ ကြက်သားမှုန့် ၊ ပဲငံပြာရည် ကိုရောထည့်ပြီး သမအောင်မွှေပါ။ ဆီချက်ပေါ်မှာ မုန်ညင်းခါး ၊ ကြက်သွန်မြိတ်နဲ့ ဟင်းရည်ထဲက အသားလုံး ၊ ငါးဖယ် ၊ ငုံးဥ ၊ ကလီစာများကိုတင်ပြီး ဟင်းရည်လေးနဲ့တွဲပြီးစားသုံးလို့ရပါပြီ။

 

 

 

Leave A Comment

Your email address will not be published. Required fields are marked *