Gyoza (ဂျပန်ဖက်ထုပ်) အိအိစက်စက်လေးတွေကို အိမ်မှာတင်လုပ်စားနိုင်တယ်နော်

ဂျပန်အစားအစာတွေသွားစားပြီဆိုရင် မပါမဖြစ်မှာစားဖြစ်တာကတော့ Gyoza (ဂျပန်ဖက်ထုပ်)ပါပဲ။ မြန်မာတွေလျှာခံတွင်းနဲ့ လိုက်ဖက်ညီလှသလို အိအိငြိမ့်ငြိမ့်လေးနဲ့စားလို့ကောင်းတာကြောင့် လူကြိုက်များလှတဲ့ အစားအစာတစ်ခုပါပဲ။ ဂျပန်စတိုင်ဖက်ထုပ်ဆိုလို့ ဆိုင်မှာပဲဝယ်စားလို့ရတာမဟုတ်ပါဘူးနော်။ အိမ်မှာတင်ပဲ ကိုယ်တိုင်ကိုယ်ကျ အလွယ်တကူလုပ်စားလို့ရမယ့် နည်းလမ်းကောင်းရှိပါတယ်နော်။

Gyoza ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့-

  • -ကြက်သား(၂၀)သား
  • -သကြား လက်ဖက်ရည်ဇွန်း(၁)ဇွန်း
  • -ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း(၁)ဇွန်း
  • -ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း(၁)ဇွန်း
  • -တရုတ်မဆလာ လက်ဖက်ရည်ဇွန်း(၁)ဇွန်း
  • -ကြက်သွန်မြိတ် (၂)ချောင်း
  • -ကြက်ဥ (၁)လုံး
  • -ဂေါ်ဖီတစ်စိတ်
  • -ဂျုံမှုန့် ထမင်းစားဇွန်း(၁)ဇွန်း
  • -ပန်းခရေဖက်ထုပ်ရွက် (၁၅)ရွက်

ပြုလုပ်ပုံကတော့ ကြက်သားကိုသေးသေးနုတ်နုတ်လေးတွေစင်းပြီး ကြက်ဥ ၊ ဆား ၊ သကြား ၊ ကြက်သားမှုန့် ကိုထည့်ပြီးသမအောင်နယ်ပေးပါ။ စေးလာပြီဆိုရင်တော့ ငရုတ်ကောင်း ၊ တရုတ်မဆလာတို့ထပ်ရောထည့်ပြီးထပ်နယ်ပါ။ နှံ့သွားပြီဆိုရင်တော့ ကြက်သွန်မြိတ်နဲ့ဂေါ်ဖီတို့ကိုနုတ်နုတ်စင်းပြီး ရောနယ်ပေးထားပါ။ ဂျုံမှုန့်ကိုအရည်ပျစ်ပျစ်လေးဖျော်ထားပြီး ဖက်ရွက်ထဲအစာသွတ်ပြီး ပြန်ပိတ်တဲ့အချိန်မှာ ဂျုံမှုန့်ဖျော်ရည်လေးကိုသုံးပြီး ဖိကပ်ပေးပါ။ ကပ်ထားတဲ့နေရာက လျှံထွက်နေတဲ့ဂျုံမှုန့်တွေကို လက်နဲ့ခွာထုတ်ပေးပါ။

ဖက်ထုပ်လေးတွေထုပ်ပြီးရင် မကပ်တဲ့အိုးထဲမှာဆီထည့်ပြီး ဆီပူလာပြီဆိုရင်တော့ ဖက်ထုပ်လေးတွေစီထည့်ပေးပါ။ ဖက်ထုပ်လေးတွေ အငွေ့တထောင်းထောင်းထလာတဲ့အချိန်မှာတော့ ရေနွေးအနည်းငယ်လောင်းထည့်ပြီး အဖုံးအုပ်ပေးထားပါ။ ရေခမ်းလောက်တဲ့အချိန်ကျမှ အဖုံးဖွင့်ကြည့်ပြီး အပေါ်ယံကဂျုံသားလေးတွေ နူးအိသွားပြီးကျက်သွားရင်တော့ ဖက်ထုပ်လေးတွေကိုလှန်ကြည့်ပေးပါ။ ဖက်ထုပ်လေးတွေတစဖက်ခြမ်းက ရဲပြီးကြွပ်နေပြီဆိုရင် ဂျပန်ဖက်ထုပ်ပူပူနွေးနွေးကို စားသုံးလို့ရပါပြီနော်။ အက်မင်ကတော့ ပဲငံပြာရည်ထဲ ကြက်သွန်ဖြူနဲ့ငရုတ်သီးစိမ်းလေးတွေ လှီးထည့်ပြီးတို့စားရတာ ပိုမြိန်သလိုခံစားရလို့ အစားတစ်လိုင်းတို့လည်း Gyoza လုပ်စားဖြစ်ရင် တို့စားကြည့်ဖို့မမေ့ပါနဲ့နော်။

 

Leave A Comment

Your email address will not be published. Required fields are marked *