ပုဇွန်အာလူးလိပ်ကြော်ကို စျေးကြီးပေးမစားတော့ဘဲ အိမ်မှာပဲတဝကြီးလုပ်စားကြရအောင်

တစ်နေ့တစ်နေ့ ဘာလုပ်စားရင်ကောင်းမလဲပဲ တွေးနေတတ်တဲ့ အစားတစ်လိုင်းတို့ရေ …. ဒီတစ်ခါမှာတော့ ဆိုင်တွေမှာစျေးကြီးပေးပြီးနည်းနည်းလေးပဲစားရလို့ မကျေမချမ်းအမြဲဖြစ်ရတဲ့ ပုဇွန်အာလူးလိပ်ကြော်ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်နော်။ အိမ်မှာပဲကိုယ်တိုင်လုပ်စားလို့ရမှာဆိုတော့ များများကြော်ပြီး တဝကြီးတီးဖို့သာပြင်ထားလိုက်နော်။

ပုဇွန်အာလူးလိပ်ကြော်ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့-

  • -ပုဇွန်ထုပ် အနေတော်အရွယ်
  • -အာလူး
  • -ကြက်သားမှုန့်
  • -ဆားအနည်းငယ်
  • -ဆီ

ပြုလုပ်ပုံကတော့ ပုဇွန်ကိုအဆီမပါအောင် အခွံနွှာခေါင်းဖြုတ်သန့်စင်ပြီး အသားမှုန့် ၊ ဆားအနည်းငယ်နဲ့ရောနယ်ပေးထားပါ။ အာလူးကိုအခွံနွှာပြီးအပြားလိုက် ခပ်ပါးပါးလေးတွေလှီးပေးပါ။ အာလူးကတော့ ပုဇွန်ထည့်လိပ်ရင် အဆင်ပြေစေဖို့အတွက် အလုံးကြီးလေကောင်းလေပါပဲ။ အာလူးပြားလေးတွေကြွပ်နေရင်လိပ်ရခက်မှာစိုးလို့ ဆားနည်းနည်းလေးနဲ့ ပျော့သွားအောင်နယ်ပေးလိုက်ပါ။ အာလူးပြားပျော့ပျော့လေးရဲ့ တစ်ဖက်စွန်းစီမှာ ပုဇွန်ထုပ်တစ်ကောင်စီညှပ်ပြီး လိပ်ပေးပါ။ ထိပ်စလေးတွေဆုံးသွားပြီဆိုရင်တော့ သွားကြားထိုးတံလေးတွေကို တစ်ဖက်ထိပေါက်အောင်ထိုးပေးပါ။ တင်းတင်းနဲ့လုံလုံလေးတွေ ဖြစ်သွားပြီဆိုရင်တော့ ဒယ်အိုးတစ်လုံးထဲမှာ အာလူးလိပ်လေးတွေမြုပ်နိုင်တဲ့အထိ ဆီထည့်ပြီးနနွင်းမှုန့်အနည်းငယ် ရောထည့်ပေးပါ။ ဆီပူလာပြီဆိုရင်တော့ အာလူးလိပ်လေးတွေကို ထည့်ကြော်ပေးပါ။ အာလူးသားလေးတွေ ရဲပြီးကျက်လာပြီဆိုရင်တော့ ဆယ်ယူပြီးဆီစစ်ထားလို့ရပါပြီ။ ဆီစစ်ပြီး(၅)မိနစ်လောက်ကြာရင်တော့ တကယ့်ကိုအရသာရှိတဲ့ ပုဇွန်အာလူးလိပ်ကြော်လေးကို စားသုံးလို့ရပါပြီ။

ပုဇွန်အာလူးလိပ်ကြော်နဲ့ တွဲဖက်စားသုံးဖို့အတွက်ကိုတော့ အသင့်ဝယ်ယူလို့ရတဲ့ Sauce ပုလင်းတွေနဲ့တင် တော်တော်လေးလျှာလည်သွားမှာ အသေအချာပါပဲနော်။

Leave A Comment

Your email address will not be published. Required fields are marked *