နှစ်ကာလတွေပြောင်းသွားပေမယ့် အရသာပြောင်းလဲမသွားတဲ့ ဦးရေခဲလမ်းမုန့်ဟင်းခါး

အက်မင်ငယ်ငယ်လေးကတည်းက အခုချိန်ထိကြိုက်နေဆဲဖြစ်တဲ့ မုန့်ဟင်းခါးဆိုင်လေးအကြောင်း ပြောပြပေးချင်ပါတယ်။ ဒီဆိုင်လေးက နှစ်တော်တော်ကြာကြာကတည်းက နာမည်ကြီးပြီးသားမို့ မုန့်ဟင်းခါးကြိုက်သူတွေတော်တော်များများ သိပြီးသားဖြစ်သလို အကြိုက်တွေ့ပြီးသားလည်းဖြစ်ပါတယ်။ ဒါပေမယ့် မုန့်ဟင်းခါးကြိုက်တဲ့ မျိုးဆက်သစ်အစားတစ်လိုင်းတွေ မသိသေးမှာစိုးလို့ ထပ်မံဝေမျှပေးချင်ပါတယ်။ ဦးရေခဲလမ်းထဲကမုန့်ဟင်းခါးမို့ ဦးရေခဲလမ်းမုန့်ဟင်းခါးလို့နာမည်ကြီးတဲ့ ဒေါ်ရွှေရင်မုန့်ဟင်းခါးပါ။

ဒီမုန့်ဟင်းခါးရဲ့ထူးခြားချက်ကတော့ ညနေ(၅)နာရီကနေ မနက်(၃)နာရီလောက်ထိရနိုင်တာပါပဲ ။ အဲ့တော့တစ်ရေးနိုးဗိုက်ထဆာရင်တောင် သွားဝါးလို့ရတာပေါ့ ။ မုန့်ဟင်းခါးထဲထည့်စားတဲ့အကြော်ကိုလည်း ဆိုင်ရှေ့မှာပူပူနွေးနွေးကြော်ရောင်းတော့ ဟင်းရည်ပူပူလေးထဲကို အကြော်ပူပူလေးထည့်စားရတဲ့ဖီးလ်က လုံးဝရှယ်ပဲ။ အကြော်ချည်းဒီတိုင်းစားပြီး ဟင်းရည်လေးခပ်ခပ်သောက်မယ်ဆိုလည်း တော်တော်မိုက်။ ဟင်းရည်အရသာကလည်း ပျစ်ပျစ်နှစ်နှစ်လေးနဲ့ ချိုငံစပ်ပုံမှန်ပဲမို့ အပိုအရသာတွေထပ်မံဖြည့်စွက်စရာမလိုဘဲ အစပ်အဟပ်တည့်နေတာပဲ။

အက်မင့်အကြိုက်နဲ့တော့ ငယ်ငယ်ကတည်းကနေ အခုချိန်ထိကိုလျှာပေါ်စွဲကျန်နေစေတဲ့ မုန့်ဟင်းခါးပါပဲ။ ဈေးနှုန်းတွေကတော့ အလွတ်ဆို(၅၀၀) ၊ အကြော်(၁)ခု(၁၀၀) ၊ ငါးဖယ်(၁)ခု(၂၀၀) ၊ အိုးဘဲဥနဲ့ငါးဥကြော်က(၃၀၀)ဆိုတော့ ဈေးနှုန်းကတော်တော်ကြီးတန်တယ်။ ငှက်ပျော်ကောက်ညင်းထုပ် ၊ ပူတင်း ၊ ရွှေကြည် ၊ မုန့်ဖတ်ထုပ်၊ ဒိန်ချဉ်တွေလည်းရနိုင်သေးတယ်။ သွားစားမယ်ဆိုရင်တော့ ကိုယ်တိုင်ယူစနစ်နဲ့သွားစားရင်တော့ ပိုအဆင်ပြေပါတယ်။ အသက်ကြီးတဲ့လူတွေရောင်းတာဆိုတော့ မှာရတာကြာလို့ပါ။ ဆိုင်လိပ်စာကတော့ သမိုင်းလမ်းဆုံနား ၊ အောင်သိဒ္ဓိလမ်းနှင့်အင်းစိန်လမ်းအစုံ ၊ ဦးရေခဲလမ်းမှာဖြစ်ပါတယ်။

 

Leave A Comment

Your email address will not be published. Required fields are marked *