ချဉ်ငံစပ်အရသာတွေပေါက်ထွက်လာမယ့် ပဲပြားအစာသွတ်လေး လုပ်စားကြမယ်

နွေးနွေးထွေးထွေး ဆောင်းလေအေးလေးကြားမှာ ဟင်းခါးပူပူနွေးနွေးလေးနဲ့ ဘာလေးရောစားရင်ကောင်းမလဲ ?  မင်မင်ကတော့ ချဉ်ချဉ်စပ်စပ်လေးစားဖို့အတွက် ပိုပြီးအားသာနေတယ် ? ကဲဒီတော့ လုပ်ရတာလည်းလွယ်ကူ ၊ ချဉ်ချဉ်စပ်စပ်လေးလည်း  လိုသလိုအရသာဖန်တီးလို့ရမယ့် ပဲပြားအစာသွတ်လေးလုပ်စားကြည့်ရအောင် ? မထူမပါးနဲ့ခပ်ဆိမ့်ဆိမ့်ပဲပြားကြော်လေးထဲမှာ ချဉ်ငံစပ်အရသာတွေ စုပြုံထည့်ပြီး ခံတွင်းနဲ့အပြည့်ကြီးလွေးလိုက်မယ်ဆိုရင်တော့ ရှူးရှူးရှဲရှဲနဲ့အရသာဓာတ်သဘောမှာ မေ့မြောသွားမှာအသေအချာပဲနော် ?

ကဲ…ရေးရင်းနဲ့စားချင်လာပြီဆိုတော့ကာ လွယ်ကူလွန်းတဲ့ ပဲပြားအစာသွတ်လုပ်နည်းလေးကို ဆက်ပါမယ် ?

ပဲပြားအစာသွပ်ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့-

  • -ပဲပြား (၃)တုံး
  • -ဂေါ်ဖီ(၁)စိတ်
  • -ရှာလကာရည် ထမင်းစားဇွန်း(၁)ဇွန်း
  • -ငံပြာရည် ထမင်းစားဇွန်း(၁)ဇွန်း
  • -ကြက်သားမှုန့် လက်ဖက်စားဇွန်း(၁)ဇွန်း
  • -ငရုတ်သီးစိမ်း (၅)တောင့်
  • -ကြက်သွန်ဖြူ
  • -ရှောက်ရွက်

ပြုလုပ်ပုံကတော့-

(၁)-ပဲပြားတုံးကို အလယ်ကနေကန့်လန့်ဖြတ်လှီးပြီး တြိဂံပုံစံလေးပြုလုပ်ပေးပါ။ ပဲပြားမျက်နှာပြင်ပေါ်တွေမှာတော့ ကြက်သားမှုန့်တွေကို အပေါ်ယံကနေ ခပ်ပါးပါးလေးဖြူးပေးပြီး အရသာဝင်အောင် ခဏနှပ်ထားပေးပါ။

(၂)-ကြက်သွန်ဖြူပါးပါးလှီးပြီး ဆီချက် ချက်ထားပေးပါ။

(၃)-ပဲပြားတွေကို ကြွပ်တဲ့အထိမကြော်ဘဲ အရောင်ပြောင်းလာပြီး အတွင်းပိုင်းကျက်သွားတဲ့အချိန်မှာ ဆယ်ယူပြီး ဆီစစ်ထားပါ။

(၄)-ဂေါ်ဖီနဲ့ရှောက်ရွက်ကိုခပ်ပါးပါးလေးတွေလှီးပြီး ငံပြာရည် ၊ ကြက်သားမှုန့် ၊ ရှာလကာရည် ၊ ငရုတ်သီးစိမ်းပါးပါးလှီးထားတွေနဲ့ရောနယ်ထားပါ။

(၅)-ပဲပြားကိုအလည်ကနေ ဓါးလေးနဲ့အသာခွဲပြီး ဂေါ်ဖီနယ်ထားတွေအစာသွတ်ထည့်ပေးပါ။ အပေါ်ယံကနေတော့ ကြက်သွန်ဖြူဆီချက်လေးဆမ်းပေးပါ။ ဒါဆိုရင်တော့ ချဉ်ငံစပ်လေးနဲ့ ပဲပြားရဲ့အရသာဆိမ့်ဆိမ့်လေးတွေပေါင်းစပ်ထားတဲ့ ပဲပြားအစာသွတ်လေးရရှိပါပြီနော်။

(၆)-ပဲပြားအစာသွတ်နဲ့တွဲဖက်စားဖို့ ဟင်းခါးကိုတော့ ငါးကြင်း(၃)တုံးလောက်ကို မျှင်ငပိနဲ့ပြုတ် ၊ ဆားအနည်းငယ် ၊ ငရုတ်ကောင်းအနည်းငယ်ထည့်ပြီး ပြုလုပ်လို့ရပါတယ်နော်။

 

 

Leave A Comment

Your email address will not be published. Required fields are marked *