ပြိုင်စံရှားတဲ့ ကွေ့သယိုအရသာတန်ခိုးမှာ ယစ်မူးသွားစေမယ့်…..တာမွှားကွေ့သယို

ထိုင်းစာစစ်စစ်လေးတွေကိုမှ ကြွေဆင်းပါတယ်ဆိုတဲ့ ချဉ်ချဉ်စပ်စပ်ခရေဇီလေးတွေအတွက်  ထိုင်းနိုင်ငံကလက်ရာအတိုင်းကွက်တိစားရမယ့် အကြွေဇယားဆိုင်လေးတစ်ဆိုင်အကြောင်း ပြောပြပေးဦးမယ်ကွယ်။ ဒီဆိုင်လေးကတော့ (၆)မိုင်ခွဲ Market Place မှာဖွင့်ကတည်းက လူကြိုက်များလွန်းလှသလို Junction Square နဲ့ အခု City Mall မှာလည်း မပြတ်စည်ကားလူကြိုက်များနေတဲ့ “တာမွား”ဆိုတဲ့ဆိုင်လေးပါ။ တစ်နေ့တစ်နေ့ Facebook မှာတက်တက်လာတဲ့ တာမွားရဲ့ဂုဏ်သတင်းတွေနဲ့ အစားအသောက်ပုံတွေကြည့်ပြီး မင်မင်တစ်ယောက် သွားရည်တွေတဖိတ်ဖိတ်ယိုနေမိလို့ City Mall က တာမွားဆိုင်လေးကို အရောက်သွားခဲ့တဲ့အကြောင်း Honest Review လေးဝေမျှပေူးမယ်နော်။

ဘာမှာစားရမလဲကြိုတွေးပြီးသားမို့ မျက်လုံးထဲဖျောက်မရလောက်အောင် ဆွဲဆောင်နိုင်လွန်းတဲ့ ဂျုံခေါက်ဆွဲကွေ့သယိုလေးကို ဝက်သားနဲ့မှာစားဖြစ်တယ်။ အရသာမမြည်းစမ်းကြည့်ခင် ပန်းကန်လေးထဲကနေကို မင်မင့်ကိုလှမ်းဖမ်းစားချက်ပဲ။ လျှာပေါ်တင်ကြည့်လိုက်တော့လည်း တမြေ့မြေ့ချင်းကို အရသာတွေစိမ့်ထွက်လာသလိုခံစားရတယ်။ ဒီလောက်ကောင်းတဲ့ကွေ့သယိုအရသာကို ရန်ကုန်မှာမစားဖူးဘူးရယ်။ စွန်းဖိုင်းချက်ပဲ။ အရသာတွေပျော်ဝင်နေတဲ့ ဝက်အသားဖတ်အိအိလေးတွေလည်း အများကြီးပါတယ်။ လတ်လတ်ဆတ်ဆတ်ဝက်ခေါက်ကြော်လေးတွေလည်းပါတော့ တကြွပ်ကြွပ်ဝါးရင်းချိုချဉ်စပ်အရသာကွေ့သယိုလေးကို တစိမ့်စိမ့်အရသာခံရတာ တော်တော်ကြီးကိုကျေနပ်မိတယ်ကွယ်။ ခံတွင်းတိုင်းနဲ့ကိုလိုက်ဖက်နိုင်မယ့် အရသာမျိုးပါ။ ဒီဆိုင်က ဂျုံခေါက်ဆွဲကွေ့သယိုသုပ်လေးကို မင်မင်ကတော့ 5 Star ပေးတယ်ကိုယ့်လူ။ သွားစားဖြစ်အောင်သာသွားစားကြည့်လိုက် လုံးဝကြွေဆင်းသွားမယ်ယုံကြည်လိုက်။

ကြက်သွန်ဖြူငါးအကြွပ်ကြော်လေးလည်း ကောင်းတယ်ရယ်။ တစ်ကောင်ကို (၂)ယောက်လောက်စားလို့ရတယ်။ ကြက်သွန်ဖြူနဲ့ မွှေးမွှေးလေးနဲ့ ငါးအသားလွှာတွေကို အကြွပ်ကြော်ထားပေမယ့် မာမနေဘဲမွမွလေးဖြစ်နေပြီး ငါးရဲ့လတ်ဆတ်ချိုမြမှုတွေ ပျောက်ရှမသွားဘဲ ဆိမ့်ဆိမ့်လေးနဲ့တော်တော်စားလို့ကောင်းတယ်ကွယ်။ Sauce လေးကလည်း ချဉ်ငံစပ်လေးဖန်တီးပေးထားတော့ ငါးကြော်မွမွလေးနဲ့လိုက်ဖက်ချက်ပဲ။

တာမွားသင်္ဘောသီးထောင်းကတော့ ဘယ်လိုစာဖွဲ့ရမလဲတောင်မသိလောက်အောင်ပါပဲ။ သေချာကတော့ စားနေကျသင်္ဘောသီးထောင်းပုံစံတွေကနေ လုံးဝကွဲထွက်နေတာပဲ။ အစာပလာတွေတစ်ပုံတစ်ပင်ကြီးနဲ့ သိပ်မမြင်ဖူးတဲ့အသီးအရွက်လေးတွေပါတယ်ရယ်။ ပုံမှာပဲရှိုးလိုက်ကြပါနော်။ မင်မင်သိတာကတော့ ပုဇွန်ခြောက်တွေအားကြီးပါတာပဲ။ ထိုင်းငပိရည်အနံ့တော့ တော်တော်လေးထောင်းထောင်းထနေလို့ ငါးပိမကြိုက်သူတွေတော့ မကြိုက်လောက်ဘူးထင်တယ်။ မင်မင်ကတော့ထောင်းထားတဲ့ အရည်အရသာကအစကြွေမိတာ။ ထူးခြားချက်က ကြာဆံဖတ်လေးတွေအပေါ်ယံမှာတင်ပေးထားတာပဲ။ မင်မင်ကတော့ အရည်သောက်လိုက်လို့ ရှူးရှူးရှဲရှဲဖြစ်နေတဲ့အချိန်ဆို ကြာဆံဖတ်လေးကောက်ကောက်ဝါးတယ်။

 

ဝက်ဂုတ်သားကင်ထမင်းကြော်လေးလည်း မဆိုးဘူးရယ်။ ဝက်ဂုတ်သားထည့်ကြော်ထားတာတော့ မဟုတ်ဘူး။ ကြက်ဥနဲ့ကြော်ပေးထားပြီး ဝက်ဂုတ်ကင်လေးတွေနဲ့တွဲစားရတာ။ အရမ်းအကောင်းကြီးတော့မဟုတ်ပေမယ့် ကြက်ဥအရသာဆိမ့်ဆိမ့်လေးနဲ့ မြိတ်ချဉ်လေးပါတွဲဖက်ထားတော့ စားလို့တော့ကောင်းတယ်ရယ်။

ထန်းသီးအချိုပွဲကတော့ ထန်းသီးအသားလေးတွေကို လတ်လတ်ဆတ်ဆတ်လေးခြစ်ထည့်ထားတာ။ ဂျယ်လီဖတ်လေးတွေလို အိအိဖတ်ဖတ်လေးနဲ့ စားလို့တော့တစ်မျိုးကောင်းတယ်။ သဘာဝအချိုအရသာပဲပါတော့ တော်တော်လေးတော့လတ်ဆတ်မှန်းတော့သိသာတယ်။ ထန်းသီးကြိုက်တဲ့လူဆိုရင်တော့ အလုပ်ရှုပ်ခံအခွံနွှာစားစရာမလိုတဲ့ ဒီအချိုပွဲသာဝယ်စားကြည့်လိုက်။

Drink အနေနဲ့ကတော့ ထိုင်းလီမွန်တီးလေးနဲ့ လိုဂန်သီးဖျော်ရည်လေးမှာဖြစ်တယ်။ ထိုင်းလီမွန်တီးကတော့ ထိုင်းတီးအရသာလေးကိုမှ အချဉ်ဖောက်ထားပြီး ချိုချဉ်အရသာလေးဆိုတော့ မဆိုးဘူးရယ်။ လိုဂန်သီးဖျော်ရည်ကတော့ အကြိုက်မတူလို့လားတော့မသိ ။ချိုအီအီကြီးလို့ခံစားရတယ်။ သိပ်မကြိုက်လှဘူး။

ထိုင်းစာမှထိုင်းစာဆိုတဲ့ ထိုင်းအစားအစာတမ်းတမ်းစွဲတွေအတွက်ကတော့ ဒီဆိုင်လေးက ဖမ်းစားနိုင်မှာအသေအချာပါပဲ။ မင်မင်သွားစားခဲ့တဲ့နေရာလေးကတော့ City Mall သုံးလွှာမှာပါ။ Food Court ဆိုင်းဘုတ်ရဲ့မျက်နှာချင်းဆိုင်ဘက်မှာပါ။ ဆိုင်လေးကကျယ်ဝန်းပြီး အေးအေးဆေးဆေးလေးရှိတော့ ဇိမ်ကျကျစားလို့ရမယ့်နေရာလေးပါပဲနော်။ နောက်ထပ်လည်း စားသောက်ဆိုင်ကောင်းကောင်းလေးတွေရဲ့ Review လေးတွေ ရေးပေးဦးမှာမို့ မင်မင်တို့ရဲ့ FoodiesNavi လေးကို Like လုပ်ထားဖို့မမေ့ပါနဲ့နော်။

 

Leave A Comment

Your email address will not be published. Required fields are marked *