(၁)ချောင်း(၁၀၀)ကျပ်တန် တုတ်ထိုးအမယ်အစုံစုံကို အရသာအဖုံဖုံခံစားရင်း မြည်းစမ်းကြည့်ရအောင်

တုတ်ထိုးချောင်းလေးတွေနဲ့ အစားအစာဖန်တီးမှုတွေ များပြားလာပေမယ့် ရိုးရာမပြတ်မြန်မာတုတ်ထိုး အစုံလေးတွေကိုမှ ရင်ခုန်ပါတယ်ဆိုတတဲ့ တုတ်ထိုးချစ်သူအစားတစ်လိုင်းတွေအတွက် မင်မင်ကနေ တုတ်ထိုးဆိုင်ကောင်းကောင်းလေးကို ညွှန်းပေးဦးမယ်နော်။ လမ်းဘေးဆိုင်လေးဖြစ်ပေမယ့် ဗန်းထဲကတုတ်ထိုးတွေမြင်ရရုံနဲ့တင် မစားရမနေနိုင်ဖြစ်သွားစေမယ့် ဆိုင်လေးပါ။ ဆိုင်သေးလေးပေမယ့် သန့်သန့်ရှင်းရှင်းလေးနဲ့ထိုင်စားလို့လည်းရတော့ တော်တော့ကိုအဆင်ပြေစေမှာပါ။

များသောအားဖြင့် တုတ်ထိုးဆိုင်တွေမှာ တုတ်ထိုးတစ်ချောင်းရဲ့အရွယ်အစားက ခံတွင်းနဲ့ပြည့်ရုံလောက်ထက်မပိုပါဘူး။ ဒီဆိုင်လေးမှာတော့ တစ်ချောင်းချင်းစီမှာတင် (၃)ကိုက်လောက်စားနိုင်မှ အကြီးကြီးတွေပြုလုပ်ပေးထားတော့ စားရတာအားပါးတရရှိစေမှာပါ။ တုတ်ထိုးအမယ်တွေကတော့ စုံသလားမမေးနဲ့။  တို့ဟူး ၊ ကြက်ဥချောင်း /ကြက်ဥချောင်းပြား ၊ ငါးဖယ် ၊ ထုံချိုင်း အစုံ ၊ ပဲပြား ၊ အသားတု ၊ ပန်းဂေါ်ဖီ ၊ ပဲသွေး ၊ ကြက်သားတုတ်ထိုးတွေ ၊ အာလူး ၊ ရုံးပတီသီးတွေ စုံလွန်းလို့ ဘာအရင်စားရမလဲခေါင်းစားနေမှာ မြင်ယောင်သေးတယ်။ တုတ်ထိုးတိုင်းက လတ်လတ်ဆတ်ဆတ်နဲ့ ဈေးနဲ့လိုက်ဖက်တဲ့အရွယ်အစားတွေ ပြုလုပ်ပေးထားတော့ သေးလေကောင်းလေပဲရယ်။ အရသာကလည်း ဂွတ်သလားမမေးနဲ့ အမယ်အစုံစုံကို အရသာအဖုံဖုံနဲ့စားရမှာမို့ ခံတွင်းတွေ့ချက်ကလက်လန်တယ်။

အချဉ်ရည်လေးကလည်း တုတ်ထိုးနဲ့လိုက်ဖက်ညီအောင် ဖျော်စပ်ပေးထားတာမို့ တုတ်ထိုးနဲ့တို့စားလို့ကောင်းချက်ပဲ။ တုတ်ထိုးတစ်ခုချင်းစီးကိုလည်း အရသာစိမ့်ဝင်အောင်ပြုလုပ်ထားပြီး အိအိဖတ်ဖတ်လေးတွေဆိုတော့ စားလို့ကောင်းဝါးလို့ကောင်း။ တစ်ချောင်းကို(၁၀၀)ကျပ်ပဲပေးရတယ်ဆိုတော့ အကြိုက်ဝါးဖို့မောင်းတင်ထားလိုက်တော့။ သွားစားဖို့စိတ်ဝင်စားနေတဲ့အစားတစ်လိုင်းတွေအတွက် တုတ်ထိုးဆိုင်လေးရဲ့တည်နေရာကတော့ မဟာဗန္ဓုလလမ်းမပေါ် ၊ လမ်းမတော်မီးပွိုင့် ၊ ရွှေလီရွှေဆိုင်အနီးမှာဖြစ်ပါတယ်။ ပုံထဲကတုတ်ထိုးတွေမြင်ပြီး သွားရည်ယိုနေပြီဆိုရင်တော့ မြန်မြန်လေးသာသွားစားကြည့်လိုက်ပါနော်။

Leave A Comment

Your email address will not be published. Required fields are marked *