တုတ်ထိုးအစုံအလင်ကိုမှ အရသာကောင်းကောင်းဈေးတန်တန် စားချင်သူများအတွက် ?

တုတ်ထိုးကြိုက်သူတွေအတွက် ကိုရီးယားတုတ်ထိုး ၊ ဂျပန်တုတ်ထိုးဆိုပြီး အသစ်အဆန်းတွေဘယ်လိုပေါ်လာပါစေ စားနေကျမြန်မာတုတ်ထိုးလေးကတော့ အရသာတွေ့နေဆဲပါပဲ။ မြန်မာတုတ်ထိုးရဲ့ထူးခြားချက်က လုံးဝမတူတဲ့အမယ်တွေကိုစုပေးထားတာဆိုတော့ တစ်မျိုးစားလိုက်ရင် အရသာတစ်မျိုးခံစားရတယ်။ အမယ်တွေစုံလွန်းတော့ ဟိုဟာလေးအရင်စားချင် ဒီဟာလေးအရင်စားချင်နဲ့ ဗျာများရတာလည်း မြန်မာတုတ်ထိုးသွားစားတိုင်းပါပဲ။ ရန်ကုန်မြို့ကြီးမှာတော့ စားလို့ကောင်းလှတဲ့ မြန်မာတုတ်ထိုးဆိုင်တွေအများကြီး ရှိပေမယ့်လည်း သန့်ရှင်းလတ်ဆတ်ပြီးဈေးတန်လွန်းလို့ မင်မင်အကြိုက်တွေ့နေတဲ့ ဆိုင်လေးအကြောင်းဖောက်သည်ချပေးချင်ပါတယ်။

မြန်မာတုတ်ထိုးဆိုရင် ဆိုင်ကြီးတွေမှာမရတတ်တော့ လမ်းဘေးစာတော့ဖြစ်ပေမယ့် မင်မင်ပြောပြမယ့်ဆိုင်လေးကတော့ သပ်သပ်ရပ်ရပ်လေးနဲ့ အစားအသောက်အပြင်အဆင်ကြည့်ရုံနဲ့တင် စားချင်စရာလေးရယ်။ ဗန်းလေးထဲမှာတုတ်ထိုးတွေကို သေသေသပ်သပ်ထည့်ပြီး တုတ်ထိုးနဲ့မြည်းဖို့ ငရုတ်သီးစိမ်း ၊ ကြက်သွန်ဖြူကလည်း အဆင်သင့်ပဲရယ်။ အသားတု ၊ ကြက်သွေး ၊ ငါးဖယ်ကြော် ၊ ကော်ပြန့်ကြော် ၊ ကြက်ခြေထောက် ၊ ကြက်အသဲအမြစ် ၊ ကြက်ဥကင် ၊ ရုံးပတီသီး၊ သခွားသီး ၊ ပဲပြားကြော် ၊ တို့ဟူးကြော်တွေစုံစိနေအောင်ရတော့ အပီဝိုက်နိုင်မှာတော့ အသေအချာပဲ။ တစ်ခုတစ်ခုဆိုလည်း တော်တော်လေးကြီးတော့စားရတယ်အားရတယ်။ ဆီအရမ်းထွေးထွေးကြီးဖြစ်မနေဘဲ မွမွကြွပ်ကြွပ်လေးတွေဆိုတော့ အရသာကောင်းမှကောင်းပဲ။

အချဉ်ရည်စပ်ထားတာလေးကလည်း ပျစ်ပျစ်နှစ်နှစ်ကလေးနဲ့ ချဉ်ငံစပ်လေးဆိုတော့ တုတ်ထိုးနဲ့အင်မတန်လိုက်ဖက်တယ်။ စားလို့ကောင်းလွန်းလို့ အရှိန်မထိန်းနိုင်ဘဲ တုတ်ထိုးတွေပုံနေမှာ မြင်ယောင်သေးတယ်ရယ်။ ကြက်ခြေထောက်တစ်ချောင်း(၂၀၀)ကျပ်ကလွဲလို့ ကျန်တာတွေက(၅၀)ကျပ်ပဲပေးရတော့ အမုန်းစွဲတာတောင် တစ်ယောက်(၃)ထောင်လောက်ပဲကျတယ်ရယ်။ စိတ်ဝင်စားလို့သွားစားဖို့ကြံရွယ်နေတဲ့ အစားတစ်လိုင်းတွေအတွက် ဆိုင်နေရာလေးကတော့ မဟာဗန္ဓုလလမ်းပေါ် ၊ AYA ဘဏ်ရှေ့ ၊ (၁၉)လမ်းနဲ့(၂၀)လမ်းကြားမှာဖြစ်ပါတယ်။

 

Image Source: www.facebook.com

Leave A Comment

Your email address will not be published. Required fields are marked *