အခေါက်အသားထမင်းပေါင်းကို (၁၀၀၀)ကျပ်တည်းနဲ့စားနိုင်မယ့် (၃၆)လမ်းကထမင်းပေါင်းဆိုင်

ထမင်းပေါင်းဆိုရင် အသားအရွက်အစုံရောပေါင်းတာကိုမကြိုက်ဘဲ အခေါက်အသားကင်တွေနဲ့ ကော်ရည်ချိုဆိမ့်ဆိမ့်လေးဆမ်းစားရမှ ကြိုက်ပါတယ်ဆိုတဲ့ အစားတစ်လိုင်းတွေအတွက် အခေါက်အသားများများလေးနဲ့ထမင်းပေါင်းကို (၁)ထောင်ကျပ်တည်းနဲ့နင့်နေအောင်စားရမယ့် ထမင်းပေါင်းဆိုင်လေးအကြောင်းဖောက်သည်ချပေးမယ်နော်။ ဆိုင်နာမည်လေးကတော့ “မိဘမေတ္တာ”ပါ။ ထမင်းပေါင်းကို ကြက်သား ၊ ဝက်သား ၊ ဘဲသားတွေနဲ့ရတယ်။ ဘာနဲ့ပဲစားစား (၁၀၀၀)ထောင်ကျပ်ပဲ။

အကြိုက်ဆုံးကတော့ အခေါက်အသားကင်ထမင်းပေါင်းပဲ။ နီနီရဲရဲဖြစ်တဲ့အထိကင်ထားတဲ့ အခေါက်အသားကင်လေးတွေကို များများစားစားထည့်ပြီး အရွက်အသီးစုံစုံလေးနဲ့ ကော်ရည်ချိုဆိမ့်ဆိမ့်ချွဲချွဲလေးဆမ်းပေးထားတော့ ရှလွတ်ရှလွတ်နဲ့စားလို့ကောင်းနေရောပဲ။ တစ်ပွဲနဲ့တင်တစ်နပ်စာတော့ ဝမ်းဗိုက်လေးအတွက် အေးဆေးတင်းတိမ်သွားနိုင်တယ်။ ကော်ရည်ထည့်တာလက်လွန်တတ်လို့ ကော်ရည်လျှော့ထည့်ပေးဖို့ကြိုမှာထားမယ်ဆိုရင်လည်း သိပ်မအီဘဲပိုပြီးစားကောင်းမယ်ထင်တယ်။ အခေါက်ကင် ၊ အသားကင်သီးသန့်လည်းရနိုင်သလို ၊ နံနုကင် ၊ ဝက်ခေါင်းသုပ် ၊ ထမင်းကြော် ၊ အစိမ်းကြော် ၊ ခေါက်ဆွဲကြော် ၊ ကြာဆံကြော်တွေလည်းရနိုင်တာမို့ ကြိုက်တာသာအဝဆွဲရုံပဲ။

တစ်ထောင်ကျပ်တည်းနဲ့ဒီလောက်ဗိုက်ဝဖို့ဆိုတာက ရန်ကုန်လိုနေရာမျိုးမှာတော့ အတော့်ကိုတွက်ချေကိုက်တယ်။ ငွေ(၅)ထောင်လောက်သုံးရင်တောင် လူ(၃)ယောက်လောက်အဝစားနိုင်မှာအသေအချာပဲ။ ဆိုင်ကလမ်းဘေးဆိုင်လေးဆိုတော့ ထိုင်စားတာထက် ပါဆယ်ဆွဲတာကိုတော့ ပိုပြီးအားပေးတယ်။ ထိုင်စားရင်တော့ အရမ်းသန့်ပြန့်နေတဲ့နေရာမျိုးမဟုတ်ဘူး။ ဆိုင်တည်နေရာလေးကတော့ ပန်းဆိုးတန်း ၊ (၃၆)လမ်းထိပ် ၊ အလယ်ဘလောက်မှာပါ။ ဘတ်ဂျတ်ချွေတာပြီး အရသာကောင်းကောင်းစားနိုင်မယ့်ဆိုင်လေးတွေကိုလိုက်ရှာနေတော့ ဒီဆိုင်လေးမှာသာ Try ကြည့်လိုက်ပါတော့နော်။

 

Image Source: www.facebook.com

Leave A Comment

Your email address will not be published. Required fields are marked *