လျှာဖျားမှာတသသစွဲကျန်နေစေမယ့် ဂျပန်အစားအစာတွေကို မြည်းစမ်းကြည့်ချင်ရင်တော့…..

အစားကောင်းလေးစားရရင် မမျှဝေလိုက်ရဘဲမနေနိုင်လွန်းလို့ ဒီနေ့သွားစားဖြစ်တဲ့ ဂျပန်စားသောက်ဆိုင်လေးအကြောင်းကို Review လေးရေးပေးချင်ပါတယ်။ ဒီဆိုင်လေးကတော့ လသာ(၁၉)လမ်း အောက်ဘလောက်မှာတည်ရှိပြီး ဆိုင်နာမည်ကတော့ Smile ဖြစ်ပါတယ်။

ပူပူအိုက်အိုက်ရာသီမှာ ချွေးတရွှဲရွှဲနဲ့ဖြစ်နေတဲ့အချိန် စားသောက်ဆိုင်လေးထဲဝင်သွားလိုက်တာနဲ့ အေးစိမ့်စိမ့်အဲကွန်းလေးနဲ့ငြိမ့်နိုင်ပြီး မြန်မာ့အလှရှုခင်းပုံပန်းချီကားလေးတွေ ၊ ဂျပန်ကာတွန်းရုပ်လေးတွေနဲ့ နံရံအလှတွေကိုအသက်သွင်းထားတာကလည်း တော်တော်လေးချစ်စရာကောင်းပါတယ်။

စားပွဲကုလားထိုင်တွေ သန့်ရှင်းနေရုံသာမကဘဲ ဇွန်းခရင်းလေးတွေကို တစ်စုံစီပလပ်စတစ်လေးတွေနဲ့ထုပ်ပြီး ဘူးလေးထဲထည့်ထားတာကြောင့် အသန့်ကြိုက်တဲ့ကိုယ်တွေ အရမ်းကိုသဘောကျမိတယ်။ ဂျပန်အစားအစာတော်တော်များများရနိုင်ပေမယ့် ကိုယ်စားဖြစ်ခဲ့တာတွေကို ပြန်ပြောပြပေးချင်ပါတယ်။

Katsu Don ကြက်သားပြားအချိုချက်ထမင်းကတော့ ပေါင်မုန့်သားလေးတွေနဲ့ကပ်ကြော်ထားတဲ့ ကြက်သားပြားလေးတွေကို ဆန်သားအိအိလေးတွေပေါ်တင်ကာ ကြက်သွန်နီ ၊ မုန်လာဥ ၊ Sauce ၊ အရက်တို့နဲ့ရောပေါင်းပြီး ချက်ပြုတ်ထားတာကြောင့် ပူပူနွေးနွေးအရသာချိုချိုလေးနဲ့ ရှယ်စားလို့ကောင်းပါတယ်။ ထမင်းနဲ့ကြက်သားပြားရောထည့်ထားတဲ့အပေါ်မှာ ကြက်ဥလေးပါဖောက်ထည့်လိုက်တော့ အငွေ့တထောင်းထောင်းကြားထဲမှာ  ကြက်ဥဖတ်လေးတွေနဲ့ ကြက်သားလေးတွေရောပြွမ်းသွားပြီး ဝါးစားကြည့်လိုက်တဲ့အခါမှာတော့ အရသာခံအာရုံကိုလွင့်မျောသွားစေလောက်အောင် ဖမ်းစားထားနိုင်ပါတယ်။

Shishamo Yaki ကတော့ Shishamo ငါးသေးသေးလေးတွေကိုကင်ထားပြီး ငါးအသားလွှာပေါ်မှာ သံပုရာသီးလေးညှစ်ကာ မိယောနိစ်လေးနဲ့တို့စားရတာဆိုတော့ ချဉ်ဆိမ့်ဆိမ့်လေးနဲ့အရသာက တစ်မျိုးလေးရယ်။ ငါးလေးတွေကအကောင်သာသေးတာ တစ်ကိုယ်လုံးမှာဥတွေအပြည့်နဲ့ဆိုတော့ ငါးအသားစားနေရတာမတူဘဲ ငါးဥလေးတွေတထုတ်ထုတ်နဲ့ကိုက်စားနေရသလိုပဲ ။ အဆိမ့်အရသာနှစ်ဆတိုးပြီး တော်တော်လေးစားလို့ကောင်းတယ်။

Yaki Udon – ဒါလေးကတော့ ဂျပန်အစားအစာမဟုတ်ဘဲ ထိုင်ဝမ်စတိုင်ခေါက်ဆွဲကြော်လေးပါ။ အိစက်နေတဲ့ခေါက်ဆွဲစီးစီးလေးတွေကို မုန်လာဥနီ ၊ ပန်းဂေါ်ဖီတို့နဲ့ရောကြော်ထားပြီး ငရုတ်ကောင်းလေးကို အဓိကအားဖြည့်ပေးထားတော့ ပူရှိန်းရှိန်းလေးနဲ့လျှာပေါ်စွဲနေတာပဲ ။ ငရုတ်ကောင်းရဲ့အာနိသင်က ကယ်လိုရီတွေကိုလောင်ကျွမ်းစေနိုင်တော့ ခေါက်ဆွဲစားပြီးကယ်လိုရီတက်မှာကြောက်နေတတ်တဲ့ ကိုယ်တွေလိုဖက်တီးတွေနဲ့တော့ လုံးဝကွက်တိပဲ။

Sama Yaki ကတော့ ငါးအသားလွှာအိအိလေးတွေကို အသားများများအရိုးနည်းနည်းနဲ့စားရတော့ ကိုက်စားရတာတော်တော်လေးအားရတယ်။ Sama ငါးရဲ့အရသာက ငါးသလောက်အရသာလိုပဲ မြန်မာတွေခံတွင်းနဲ့တော့ရှယ်လိုက်ဖက်တယ်။ ငါးသလောက်ကြိုက်ပေမယ့် သွေးတက်မှာကြောက်တဲ့သူတွေဆို Sama ငါးလေးစားရရင် တော်တော်အကြိုက်တွေ့ကြမှာအသေအချာပဲ။

Gyoza ကတော့ ဂျပန်ဆိုင်တွေသွားစားတိုင်း မပါမဖြစ်မှာစားကြတဲ့အစားအစာလေးပါ။ ဒီဆိုင်လေးရဲ့ထူးခြားချက်က ဖက်ထုပ်ထုပ်တဲ့အခါမှာ အသား ၊ ဂေါ်ဖီတွေနဲ့အတူ ပြောင်းဖူးလေးတွေပါရောထည့်ထားတော့ ပြောင်းဖူးရဲ့ချိုမြမြအရသာလေးတွေပါ ထပ်ပေါင်းပြီး တမူထူးခြားနေတယ်။ ဝါးစားကြည့်လိုက်တိုင်း ဖက်ထုပ်သားအိအိလေးတွေရယ် အရသာစိမ့်ဝင်နေတဲ့ အသားအရွက်ပြောင်းဖူးလေးတွေအပြင် ကြက်သွန်ဖြူနဲ့ ဂျင်းနဲ့သင်းသင်းလေးပါရနေတော့ စားရတာတော်တော်လေးဖိုင်းတယ်။

ရာသီစာဖျော်ရည်လေးတွေကလည်း အအီပြေမှာယူသောက်သုံးနိုင်ပြီး FOC အနေနဲ့တိုက်တဲ့ လက်ဖက်ရည်အေးလေးတွေကလည်း သောက်လိုက်တိုင်း ခံတွင်းရှင်းသွားစေပါတယ်။ စျေးနှုန်းကလည်း ၁၅၀၀~၆၀၀၀ကျပ်တွေဆိုတော့ စျေးနှုန်းလေးတွေသင့်တင့်တယ်ပြောရမယ်။ ဆိုင်လိပ်စာအပြည့်အစုံကတော့ အမှတ်(၇၃) ၊ (၁၉)လမ်း ၊ မဟာဗန္ဓုလလမ်းအနီး ၊ အောက်ဘလောက် ၊ လသာမြို့နယ်ဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက်(၁၀)နာရီကနေ ည(၁၀)နာရီအထိပဲဖြစ်ပါတယ်။ Smile Curry House အကြောင်းအသေးစိတ်သိချင်ရင်တော့ Smile Curry Facebook ဆိုတဲ့နေရာလေးကိုနှိပ်ပြီး ဝင်ကြည့်လို့ရပါတယ်။

Leave A Comment

Your email address will not be published. Required fields are marked *