ထားဝယ်မြေကိုအလွမ်းဖြေနိုင်စေဖို့ ထားဝယ်ရိုးရာအစားအစာတွေသွားစားရအောင်

ထားဝယ်မြေကိုလွမ်းဆွတ်တမ်းတနေသူတွေအတွက် အလွမ်းပြေစေနိုင်ဖို့ ထားဝယ်အစားအစာအစုံအလင်ရနိုင်ပြီး ထားဝယ်ဒေသလက်ရာတွေအတိုင်း တစ်ထပ်တည်းသုံးဆောင်နိုင်မယ့် ရွှေဝယ်သူဆိုတဲ့ထားဝယ်အစားအစာဆိုင်လေးနဲ့ Foodies Navi ကနေမိတ်ဆက်ပေးချင်ပါတယ်။ ဒီဆိုင်လေးမှာတော့ ထားဝယ်ရိုးရာအစားအစာတွေစားသုံးနိုင်သလို ထားဝယ်ဒေသထွက်စားသောက်ကုန်တွေကိုလည်း လတ်လတ်ဆတ်ဆတ်ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။

တစ်ခါစားဖူးရုံနဲ့တစ်သက်တမ်းတမ်းစွဲသွားစေတဲ့ ထားဝယ်မုန့်ဟင်းခါးကတော့ လျှာဖျားကခွာမသွားချင်လောက်အောင် လူကြိုက်များလှပါတယ်။ ဒွန်းချင်းလို့ခေါ်တဲ့ ပင်လယ်ငါးလတ်လတ်ဆတ်ဆတ်ကို ထားဝယ်ကတိုက်ရိုက်မှာယူတဲ့ နုနုဖတ်ဖတ်ငှက်ပျောခေါင်းနဲ့ချက်ပြုတ်ပြီး ငါးနိုင်းချင်း ၊ မုန့်လက်သုပ်ဟင်းရည်အကြည်နဲ့ တွဲဖက်စားသုံးရတယ်ဖြစ်ပါတယ်။ ဝက်သား ၊ စာကလေးခွေကြော်တွေနဲ့ တွဲဖက်စားသုံးမယ်ဆိုရင်လည်း အရမ်းဖိုင်းတဲ့အရသာကို ခံစားရရှိနိုင်မှာဖြစ်ပါတယ်။ ဆိမ့်ဆိမ့်ချိုချိုမွှေးမွှေးလေးနဲ့ ဝက်အူချောင်းအသားကျစ်ကျစ် တုတ်တုတ်ကြီးတွေကို  ရှယ်အရသာတွေနဲ့စားသုံးနိုင်မယ့် ဆိုက်ကော်ပဲကြာဆံဝက်အူချောင်းကလည်း ရှယ်ကောင်းတယ်နော်။ ထားဝယ်ဒေသလို့ဆိုလိုက်တာနဲ့ ပင်လယ်စာကောင်းကောင်းတွေကို ပြေးမြင်တတ်တဲ့ထားဝယ်မြေချစ်သူတွေအတွက်လည်း ပင်လယ်စာအစုံသုပ်ကို ပင်လယ်အငွေ့အသက်အပြည့်အဝခံစားရင်း သုံးဆောင်နိုင်ဦးမှာနော်။

ရှယ်ကောင်းတဲ့ထားဝယ်စားဖွယ်စုံတွေ အများကြီးရှိသေးတဲ့အပြင် အချိုတည်းဖို့အတွက် ထားဝယ်ရိုးရာအချိုပွဲတွေဖြစ်တဲ့ သာခွေယိုင် ၊ မုန့်ခွဲသိ ၊ မုန့်ဖက်ကပ် ၊ ငှက်ပျောပေါင်း ၊ မုရင်းဖေါ် ၊ ပေါင်မုန့်တွတ်ခရာစတဲ့ ရှယ်အချိုပွဲတွေကိုလည်း ဇိမ်ရှိရှိအရသာခံနိုင်ဦးမှာဖြစ်ပါတယ်။ စျေးနှုန်းတွေကလည်း (၇၀၀)ကျပ်ကစတာဆိုတော့ စျေးနှုန်းအခြေအနေကိုအကဲခတ်နေစရာတောင်မလိုပါဘူးနော်။ ရွှေဝယ်သူဆိုင်ရဲ့လိပ်စာကတော့ အမှတ်(၂၀၇/B) ၊ ပါရမီလမ်း ၊ (၄)ရပ်ကွက် ၊ ပါရမီကားဝင်းကြီးရှေ့ဖြစ်ပါတယ်။  ဆိုင်ဖွင့်ချိန်ကတော့ မနက်(၈)နာရီကနေ ည(၆)နာရီအထိပဲဖြစ်ပါတယ်။

Image Source : www.facebook.com/shwewalthu

Leave A Comment

Your email address will not be published. Required fields are marked *