အသားတွေ ၊ ကလီစာတွေတစ်ပုံကြီးပါသလို အရသာလည်းရှယ်ကောင်းတဲ့ ရွှေနဂါးကြေးအိုး

ဒီတစ်ခါအက်မင်ပြောပြပေးချင်တဲ့ဆိုင်လေးကတော့ ကြေးအိုးအသည်းစွဲလေးအတွက် အထူးရည်ရွယ်တာပါ။ ကြေးအိုးဆိုရင် ဈေးလည်းသက်သာရမယ် အသားလုံးတွေလည်း ဗုံးပေါလအောပါရမယ် အသည်းအူကလီစာတွေလည်း စုံရမယ်။ ဒီလိုကြေးအိုးမျိုးကိုမှ ရင်ခုန်တတ်သူဆိုရင်တော့ ” ရွှေနဂါး”ကြေးအိုးနဲ့တရုတ်အစားအစာဆိုင်မှာ သွားစားကြည့်ပါနော်။ ဒီဆိုင်လေးကဖွင့်တာတော်တော်လေးကို သက်တမ်းရှည်ကြာနေပေမယ့် အရသာကတော့ခုထိကိုစွဲစွဲလမ်းလမ်းဖြစ်အောင် ဆွဲဆောင်နိုင်တုန်းပါပဲ။

အရမ်းနာမည်ကြီးလို့ လူသိများနေပေမယ့် Sharing is Caring ဆိုတော့သတိမမူဖြစ်သေးတဲ့ အစားတစ်လိုင်းတို့ကို Share ပေးလိုက်ရတာပါ။ အက်မင်ကတော့ ဝက်သားစားတဲ့လူတွေဆို ကြေးအိုးကိုဝက်သားနဲ့ပဲစားစေချင်တယ်။ ဝက်သားနဲ့ဆို အသားလုံးတွေအများကြီးပါတဲ့အပြင် အူစုံ ၊ အသည်းတွေစုံပလုံစိအောင်ပါတော့ စားရတာပိုတန်တယ်။ (၁)ပွဲမှ(၃၅၀၀)ကျပ်ပဲပေးရတယ်။ အရသာကလည်းဘာကောင်းသလဲမမေးနဲ့ စားကြည့်လိုက်တာနဲ့ အရသာတန်ဖိုးကိုတန်းသိသွားမှာ အသေအချာပဲ။ ရွှေနဂါးဆိုင်မှာနောက်ထပ်နာမည်ကြီးတာက ကော်ရည်ခေါက်ဆွဲပဲ တစ်ပွဲဆိုအများကြီးပါတယ်ရော အသားတွေရောကြက်ဥတွေရောပဲ။ အရမ်းပျစ်ချွဲချွဲကြီးဖြစ်မနေဘဲ အရသာချိုဆိမ့်လေးက တော်တော်လေးကိုကောင်းတာ ။ (၁)ပွဲကို(၁၀၀၀)ကျပ်ပဲပေးရတယ်။

ဝက်ခေါင်းသုပ်ဆို(၁၀၀၀)ကျပ်ပဲပေးရတယ်။ တခြားဆိုင်တွေလို ဂေါ်ဖီကြက်သွန်တွေတအားမသုံးထားဘဲ ဝက်သားကိုများများလေးထည့်ပေးထားတော့ စားလို့ပိုကောင်းတယ်။ ကြာဇံကြော် ၊ ခေါက်ဆွဲကြော်တွေနဲ့ အခေါက်ကင် ၊ အသားကင်တွေလည်းတော်တော်လေးကောင်းတယ်။ ဆိုင်လေးကအပေါ်နဲ့အောက်ထပ်ဆိုပြီး (၂)ထပ်ရှိတယ်။ အေးအေးဆေးဆေးအဲကွန်းလေးနဲ့စားချင်ရင်တော့ အပေါ်ထပ်ကပိုအဆင်ပြေတယ်။ ဘယ်ဆိုင်သွားသွား Service Charges နဲ့ Tax တွေပေးနေရတဲ့အချိန်မှာ ဒါတွေအကုန်ပေးစရာမလိုဘဲ အိမ်ဆိုင်သဘောလေးလုပ်ပေးထားတာကို တော်တော်လေးကျေနပ်မိတယ်။ ဆိုင်လိပ်စာကတော့ အမှတ်(၂၀) ၊ ဗျိုင်းရေအိုးစင်လမ်း ၊ တာမွေမြို့နယ်ဖြစ်ပါတယ်။ တာမွေဈေးဘက်ကဝင်လို့ရသလို သျှင်ပါကူဆေးရုံဘက်အခြမ်းကလည်းဝင်လို့ရပါတယ်။

Leave A Comment

Your email address will not be published. Required fields are marked *