အရသာဓာတ်ပေါင်းဖိုကြီးပွင့်ထွက်သွားသလားထင်မှတ်ရတဲ့ ဝက်သုံးထပ်သားမုန်ညင်းချိုရနိုင်မယ့်ဆိုင်

ကမ္ဘာပေါ်မှာ အစားအသောက်ကောင်းတွေဘယ်လောက်ပဲများများ ဟိုးနှစ်ပေါင်းများစွာကတည်းက အခုထက်တိုင် မြန်မာတွေခံတွင်းတွေ့နေဆဲ အစားအစာကတော့ တရုတ်အစားအစာတွေပါပဲ။ မြန်မာခံတွင်းနဲ့ဘယ်လောက်တောင် လိုက်ဖက်ညီလိုက်သလဲဆိုရင် နေ့စဉ်ချက်ပြုတ်စားသောက်နေတဲ့ဟင်းလျာတွေထဲ တရုတ်ဟင်းလျာတွေပါဝင်နေတဲ့အထိပါပဲ။ ဒီလိုမျိုးတရုတ်အစားအစာတွေနဲ့မှ ခံတွင်းအစပ်အဟပ်တည့်တဲ့အစားတစ်လိုင်းတွေအတွက် မင်မင်အခုညွှန်းပေးမယ့်ဆိုင်လေးက လုံးဝကွက်တိကျနေမှာအသေအချာပါပဲ။ တရုတ်ဟင်းလျာအစုံအလင်ကို လက်ရာကောင်းကောင်းသန့်သန့်နဲ့ အစုံအလင်ရနိုင်မယ့်ဆိုင်လေးကတော့ သင်္ဃန်းကျွန်းက”Shwe One One” ပါ။

ဒီဆိုင်လေးမှာမင်မင်အကြိုက်ဆုံးကတော့ ဝက်သုံးထပ်သားမုန့်ညင်းချိုပေါင်းပါ။ အခေါက်အသားအဆီတပြေးညီနေတဲ့ အိအိဖတ်ဖတ်သုံးထပ်သားတွေကို အိစက်နေအောင်ပေါင်းပေးထားတာ လျှာပေါ်မှာအရသာတွေစိမ့်ထွက်နေသလိုမျိုး ထိုင်ရာမထအကုန်ကြုံးစားပစ်ချင်လောက်အောင်ကိုကောင်းတယ်။ ဝက်သားအရသာဆိမ့်ဆိမ့်လေးထဲမှာ လတ်ဆတ်တဲ့မုန်ညင်းအရသာချိုမြမြလေးတိုးဝင်နေတော့ အရသာဓာတ်တွေပလူကိုပျံနေရော။ တော်တော့ကိုကောင်းလွန်းလို့ 5 Star ပေးတယ်။

မာလာငါးဟင်းလည်းလုံးဝရှယ်ပဲ။ အရိုးတမြောင်မြောင်နဲ့ပိန်ကပ်ကပ်ကြီးမဟုတ်ဘဲ ပြည့်ပြည့်ဖောင်းဖောင်းငါးအကိတ်ကြီးဆိုတော့ အသားလွှာတွေကအိနေရောပဲ။ မာလာအရသာကလည်း အသားလွှာတွေထဲစိမ့်ဝင်နေပြီး ချဉ်ငံစပ်အနှစ်လေးတွေနဲ့ ရှလွတ်ရှလွတ်နဲ့ပြေးမလွတ်အောင်စားချင်နေမှာ အသေအချာပဲ။ အာလူးစီချွမ် ၊ အကင်လေးတွေ ၊ အကြော်အလှော်တွေ ၊ မာလာရှမ်းကောစုံနေအောင် မာလာရှမ်းကောအရသာတော့ သိပ်မကောင်းဘူးရယ်။ ထမင်းကြော်လေးတော့ တော်တော်စားကောင်းတယ်။

ဟင်းလျာတွေက ၅၀၀၀ကျပ် ၆၀၀၀ကျပ်လောက်တွေပေးရပေမယ့် တစ်ပွဲကို(၂)ယောက်ကောင်းကောင်းစားလို့ရတယ်။ ဘော်ဒါတွေစုပြီး ထမင်းနဲ့တွဲစားကြမယ်ဆို ပိုတွက်ခြေကိုက်မယ်။ ဆိုင်လိပ်စာလေးကတော့ တာမွေဘက်ကိုသွားတဲ့ အသင်းတိုက်မှတ်တိုင်ကပ်ရပ်ဘက်မှာပါ။ မှတ်တိုင်ရှေ့ရောက်တာနဲ့ကို ရှင်းရှင်းလင်းလင်းတွေ့နိုင်မှာပါ။ သုဝဏ္ဏအားကစားကွင်းရဲ့မျက်နှာချင်းဆိုင်ဘက်မှာပါ။ တရုတ်အစားအစာကြိုက်သူတွေ ရှယ်ခံတွင်းတွေ့နိုင်ကြပါစေနော်။

 

Image Source: www.facebook.com/deliciousfoodsplaces

Leave A Comment

Your email address will not be published. Required fields are marked *