လျှာဂျွမ်းပြန်ကော်ရည်လို့ အမည်တွင်လာအောင် ပံ့ပို့ပေးခဲ့တဲ့ “ငပိထောင်း”ထောင်းနည်းလျှို့ဝှက်ချက်

ကော်ရည်ခေါက်ဆွဲလို့ကြားလိုက်တာနဲ့ ငပိထောင်းလေးကိုမဖြစ်မနေ တွဲမြင်မိကြလိမ့်မယ်ထင်ပါတယ်။ သူမပါရင်ပွဲမပြီးဆိုသလို ငပိထောင်းမှမပါရင် ကော်ရည်ခေါက်ဆွဲရဲ့အရသာတွေမပေါ်လွင်သလောက်ကို ငပိထောင်းရဲ့အရသာတန်ခိုးကမြင့်မားလှပါတယ်။ ငပိထောင်းရဲ့ ချဉ်ငံစပ်အရသာကို ဖော်ကျူးတဲ့အနေတဲ့ ကော်ရည်ခေါက်ဆွဲအရသာကိုတောင် ချဉ်ငံစပ်အရသာပျော်ဝင်နေမှုကို တင်စားပြီး လျှာဂျွမ်းပြန်ကော်ရည်လို့ ခေါ်တွင်လာကြပါတယ်။ ဒီလောက်တောင်အရေးပါလှတဲ့ ငပိထောင်းလုပ်နည်းလေးကို မသိလိုက်ရရင် ခေတ်နောက်ကျနေမှာစိုးလို့ မင်မင်ကနေ နည်းလမ်းလေးကိုလက်တို့ပေးချင်ပါတယ်။ ဒီငပိထောင်းလေးက ကော်ရည်နဲ့တွဲစားလို့ကောင်းရုံတင်မကသေးပါဘူး။ ထမင်းနဲ့တွဲစားရင်လည်း အစပ်အဟပ်ပေါ်လွင်စေတဲ့အတွက် ထောင်းနည်းလေးကို သေချာမှတ်သားထားဖို့လိုမယ်နော်။

လျှာဂျွမ်းပြန်ငပိထောင်း ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့-

  • -မျှင်ငပိ (၂၀)ကျပ်သား
  • -ကြက်သွန်ဖြူ (၁၀)မွှာ
  • -ပုဇွန်ခြောက်အပေါ့အကောင်သေး (၁၀)ကျပ်သား
  • -ငရုတ်သီးစိမ်းအပုတောင့် (၁၀)တောင့်
  • -မန်ကျည်းသီးလက်တစ်ဆုပ်စာ

ပြုလုပ်ပုံကတော့-

(၁)-မျှင်ငပိကို သစ်သားယောင်းမအပြားပေါ်မှာ ဖြန့်ပြီးသိပ်ပေးပါ။ ညီညီလေးဖြစ်အောင်ဖြန့်ပြီး မီးကိုအနည်းငယ်လှမ်းတဲ့နေရာကနေ ကင်ပေးပါ။

(၂)-ငပိအရောင်က အနီရောင်ဘက်သမ်းပြီး အနံ့ထွက်လာပြီဆိုရင်တော့ ဇလုံတစ်ခုထဲထည့်ထားပါ။ မန်ကျည်းရည်ပျစ်ပျစ်လေးဖျော်ထားပါ။

(၃)-ကြက်သွန်ဖြူကိုအခွံနွှာ ၊ ပုဇွန်ခြောက်ရေဆေး ၊ ငရုတ်သီးစိမ်းအညှာခြွေပြီး ငရုတ်ဆုံထဲမှာထည့်ထောင်းပါ။ ညက်သွားရင်တော့ ငပိကင်ထည့်ပေးပါ။

(၄)-အချိုမှုန့်အနည်းငယ်ထည့်ပြီး အကုန်ရောညက်သွားအောင်ထောင်းပေးပါ။

(၅)-အကုန်ညက်သွားပြီဆိုရင်တော့ မန်ကျည်းရည်လောင်းထည့်ပြီးမွှေပေးပါ။ အပေါ့အငံမြည်းပြီး အရသာစိတ်ကြိုက်ဖြစ်ပြီဆိုရင်တော့ လျှာဂျွမ်းပြန်သွားစေမယ့် ငပိထောင်းရရှိပါပြီနော်။

 

Leave A Comment

Your email address will not be published. Required fields are marked *