လက်ထဲမှာငွေ(၃)ထောင်ရှိရုံနဲ့ ထိုင်းအစားအစာတွေအဝစားနိုင်မယ့်ဆိုင်လေး

ထိုင်းစာပေါ့ပေါ့ပါးပါးလေးတွေကို ဈေးသက်သက်သာသာနဲ့စားလို့ရမယ့် ဆိုင်လေးအကြောင်းပြောပြပေးမယ်ဆို စိတ်ဝင်စားကြလားအစားတစ်လိုင်းတို့ရေ။ အခုလိုမိုးအေးအေးစိမ့်စိမ့်ရာသီလေးမှာဆို ထိုင်းစာချဉ်ချဉ်စပ်စပ်လေးတွေနဲ့ကလည်း အတော်လိုက်ဖက်တော့ ဘတ်ဂျတ်လေးလည်းတွက်စရာမလို  အရသာလေးလည်းကောင်းတဲ့ ” Sa Wad Dee ” ဆိုတဲ့ဆိုင်လေးအကြောင်းကိုပြောပြပေးချင်ပါတယ်။ ယိုးဒယားချဉ်ချဉ်စပ်စပ်အထောင်းလေးတွေကို ရှူးရှူးရှဲရှဲစားချင်သူတွေအတွက်ကတော့ တကယ့်ကိုအကြိုက်တွေ့စေမယ့်ဆိုင်လေးပါ။

Sa Wad Dee ကတော့ လှည်းတန်းကုန်းဆင်းနား ၊ စည်ပင်ရုံးအနောက်ဘက် ၊ လမ်းတိုလေးထဲမှာဖွင့်လှစ်ထားတာပါ။ ရနိုင်တဲ့အစားအစာတွေကတော့ စွန်းတန်ထိုင်း (ဒါလေးကတော့ သင်္ဘောသီးထောင်းရိုးရိုး)(၈၀၀ကျပ်) ၊ စွန်းတန်ပူပါလပ်(ဒါလေးကတော့ သင်္ဘောသီးထောင်းငါးရည်)(၁၀၀၀ကျပ်) ၊ ကွေ့တယိုအရည်/အသုပ်(၁၀၀၀ကျပ်) ၊ မားမားအသုပ်/အပြုတ်/အကြော်(၁၀၀၀ကျပ်) ၊ ဖတ်ထိုင်း(၁၃၀၀)ကျပ် ၊ စာတေးမူ(၁၀၀၀)ကျပ် ၊ ကြက်သားစပါးလင်ကြော်(၁၀၀၀)ကျပ် ၊ ကြက်ခြေထောက်သုပ်(၁၅၀၀ကျပ်)စတဲ့စားသောက်ဖွယ်ရာစုံစုံလင်လင်ကို ရရှိနိုင်မှာပဲဖြစ်ပါတယ်။

ဒီဆိုင်လေးမှာတော့ ကြက်သားကိုအမွှေးအကြိုင်လေးတွေနဲ့ရောမွှေပြီး  Boxing ပုံစံမွမွကြွပ်ကြွပ်လေးကြော်ပေးထားတဲ့ ကြက်သားစပါးလင်ကြော်နဲ့  ငံပြာရည်ပိုများသလိုဖြစ်တာမို့ အရသာပိုဝင်သလိုဖြစ်နေတဲ့ သင်္ဘောသီးထောင်းငါးရည်တွေကိုတော့ လူကြိုက်တော်တော်များများကြတယ်။ ဈေးနှုန်းလေးတွေကလည်းတကယ်တန်တော့ လက်ထဲမှာ ပိုက်ဆံ(၃)ထောင်လောက်ရှိရုံနဲ့ ဗိုက်ဝနိုင်မယ့်ဆိုင်လေးပါပဲနော်။

 

Image Source: www.facebook.com/deliciousfood&placesuvisited

Leave A Comment

Your email address will not be published. Required fields are marked *