တန်ရမယ်ကောင်းရမယ်ဆိုတဲ့ ဂုဏ်သတ္တိတွေအပြည့်နဲ့ ကိုရီးယားစားသောက်ဆိုင်

ကိုရီးယားအစားအစာတွေကိုတမုန်းလည်းကျုံးချင်တယ် ဘတ်ဂျတ်အခြေအနေလည်းကြည့်ရဦးမယ်ဆိုရင်တော့ (၇၀၀)ကျပ်ကစပြီး (၄၅၀၀)ကျပ်အတွင်းဈေးနှုန်းတွေနဲ့ အဝအပြဲစားနိုင်မယ့်ဆိုင်လေးအကြောင်း ပြောပြပေးမယ်နော်။ ဆိုင်နာမည်လေးကတော့ “Sarangchae” ပါ။ ကိုရီးယားရိုးရာအစားအစာတွေတော်တော်များများကို ကိုရီးယားလက်ရာအတိုင်းရနိုင်မယ့်ဆိုင်လေးပါ။ ဆိုင်လေးကသပ်သပ်ရပ်ရပ်လေးနဲ့  အစားအစာတွေကလတ်ဆတ်သန့်ရှင်းလွန်းတော့ တကယ့်ကိုစိတ်တိုင်းကျပြီးတွက်ချေကိုက်တဲ့ဆိုင်လေးမို့ အစားတစ်လိုင်းတို့ကိုအလင်းပြေပေးမယ်နော်။

Fish Cake တွေကတော့ (၇၀၀)ကျပ်ကစတယ်။ အသားအိအိလေးနဲ့ လတ်ဆတ်မှုအပြည့်ဆိုတော့ စားရတာချိုမြနေတာပဲ။ ငါးအသားလွှာတွေရဲ့အရသာတွေကို ထိထိမိမိလေးခံစားရတယ်။ တော့ပိုကီလေးလည်း တော်တော်အစပ်အဟပ်တည့်တယ်။ အရမ်းချွဲပျစ်ပျစ်ကြီးဖြစ်မနေဘဲ အပျစ်အကျဲခပ်မှန်မှန်လေးနဲ့ တော့ပိုကီချောင်းလေးတွေထဲ အရသာစိမ့်ဝင်နေအောင်ချက်ပေးထားတော့ တော့ပိုကီချောင်းကိုကိုက်လာတာနဲ့ အရသာတွေစိမ့်ထွက်လာသလိုပဲ။ အရသာရှိပြီးသားအသားပြားလေးတွေ ထည့်ချက်ထားတော့ စားလို့လွှတ်ကောင်းပဲ။ ကိုရီးယားဆိုင်ရောက်တိုင်း စားဖြစ်နေကျ ကျောက်အိုးပူထမင်းလေးလည်းကောင်းတယ်။ အရွက်အသီးလတ်လတ်ဆတ်ဆတ်လေးနဲ့ အသား ၊ အနှစ်အရသာတွေက ဖိုင်းလွန်းတော့ အရည်အသွေးမှီအရသာမျိုးကွက်တိပဲ။

အကြိုက်ဆုံးနဲ့အဖိုင်းဆုံးကိုပြောပါဆိုရင်တော့ Bulgogi ကိုပဲပြောရမယ်။ တစ်ပွဲ(၄၅၀၀)ကျပ်နဲ့မလိုက်လောက်အောင် အရသာပျော်ဝင်နိုင်မှုကဂွတ်ရှယ်ပဲ။ အမဲသား ၊ ဝက်သား ၊ ကြက်သားဆိုပြီးကြိုက်ရာရွေးစားလို့ရတော့ပိုအဆင်ပြေတယ်။ အသားလေးကို အနှစ်ပါအောင်ခပ်ပြီး ဆလပ်ရွက်ထဲထည့်မြုပ် ခံတွင်းထည့်ငုံပြီးအပီအပြင်ဝါးလိုက်လို့ကတော့ လျှာဂျွမ်းပြန်လန်သွားမှာအသေအချာပဲ။ ကျသင့်ငွေတွက်တိုင်း Tax ထည့်တွက်ရခြင်းဝေဒနာလည်းဒီဆိုင်လေးမှာ ငြိမ်းတယ်နော်။ “Sarangchae” ဆိုတဲ့ဆိုင်လေးကတော့ စံရိပ်ငြိမ်ဂမုန်းပွင့် (၄)လွှာမှာပါဖြစ်ပါတယ်။

 

Image Source: www.facebook.com/sarangchae

Leave A Comment

Your email address will not be published. Required fields are marked *