အရသာဆိမ့်ဆိမ့်လေးနဲ့ ရှယ်စားလို့ကောင်းတဲ့ ချင်းရိုးရာဆာဗူးသီး

အစားအသောက်ဆိုသစ်မှ အရသာဆိုဂေါ်မှဆိုတဲ့ အစားတစ်လိုင်းတွေအတွက် ရန်ကုန်မှာစားရဖို့တော်တော်ခဲယဉ်းလှတဲ့ ချင်းရိုးရာစားသောက်ဆိုင်လေးအကြောင်း ဖောက်သည်ချပေးဦးမယ်ကွယ်။ ဆိုင်နာမည်လေးက ” ဆာဗူသီး ” အဓိကရောင်းတာလည်း ဆာဗူသီးဆိုတဲ့ ချင်းရိုးရာအစားအစာလေး ? ဆာဗူးသီးဆိုတာကတော့ ပြောင်းဖူးဆန်ကို ခြောက်သွားတဲ့အထိနေပူလှန်းထားပြီး အခွံချွတ် ၊ ကြိတ်ဆုံနဲ့ထောင်းထားတာတွေကို အသားတစ်မျိုးမျိုးနဲ့ရောပြုတ်ထားတာဖြစ်ပါတယ်။ ပြောင်းဆန်ပြုတ်လို့ပြောလို့လည်းရတယ်။ ဒီလိုဆန်ပြုတ်ကို ငရုတ်သီးထောင်း ၊ ဟင်းခါးသီးထောင်းထည့်ပြီး ဆလပ်ရွက် ၊ ဂေါ်ဖီရွက် တို့နဲ့တွဲဖက်စားရတဲ့ အစားအစာလေးပါ။

ပြောင်းအရသာဆိမ့်ဆိမ့်လေးနဲ့ အသားအရသာချိုဆိမ့်လေးထပ်ပေါင်းထားတော့ ဆိမ့်ဆိမ့်လေးနဲ့အာဟာရပြည့်ဝပြီး အားအင်ဖြစ်ထွန်းစေပါတယ်။ ဆီမပါ ၊ အချိုမှုန့်မပါဘဲ သဘာဝအရသာသက်သက်နဲ့ ချက်ပြုတ်ပေးထားတာမို့ ကျန်းမာရေးအတွက်လည်းတော်တော်သင့်တော်တယ်။ ဆာဗူသီးဆိုင်လေးမှာတော့ ရိုးရိုးဆန်ပြုတ် ၊ ကြက်သားဆန်ပြုတ်နဲ့ ဆာဗူးသီးတွေရနိုင်တယ်။ ဒီဆိုင်မှာတော့ ဆာဗူးသီးကို အမဲရိုးနဲ့ပြုတ်ပေးထားပြီး ချင်းရိုးရာစတိုင်အတိုင်း ငရုတ်သီး ၊ ရှမ်းနံနံ ၊ သံပုရာရည်လေးတွေနဲ့တွဲစားလိုက်ရင်တော့ ရှူးရှုးရှဲရှဲနဲ့အခိုးပွင့်သွားမှာ အသေအချာပဲ။ ဈေးနှုန်းကလည်း(၁)ပွဲကိုမှ (၁)ထောင်ကျပ်တည်းဆိုတော့ ပေးရတာတော်တော်တန်တယ်။ အမဲသားတစ်တုံးကို (၃)ရာ ၊ ကြက်ဥတစ်လုံးကို(၃)ရာနဲ့ ဆာဗူးသီးနဲ့တွဲစားရင်ပိုမိုက်တယ်။

ဆိုင်ခန်းကကျဉ်းပေမယ့် သန့်ရှင်းသပ်ရပ်တော့ အဆင်ပြေတယ်ရယ်။ တစ်ပွဲလောက်စားလိုက်ရင် ဗိုက်ပြည့်နိုင်လောက်အောင် တစ်ပွဲကိုပန်းကန်လုံးနဲ့အပြည့်ပါတယ်။ သွားလာရလွယ်ကူတဲ့နေရာလေးဆိုတော့ ရှာရလွယ်တယ်။ ဆိုင်လိပ်စာလေးကတော့ အမှတ်(၁၉၇) ၊ မြေနီထပ် (မွတ်ဆလင်အခမဲ့ဆေးရုံရှေ့ ) ၊ မဟာဗန္ဓုလမ်းအလယ်ဘလောက် ၊ ကျောက်တံတားမြို့နယ်ဖြစ်ပါတယ်။

 

Image Source: www.facebook.com/sabuti

Leave A Comment

Your email address will not be published. Required fields are marked *