လွယ်လွယ်ကူကူလေးနဲ့ မြိန်မြိန်ယှက်ယှက်လေးစားနိုင်မယ့် တုတ်ထိုးအစုံလုပ်နည်း

ရုံးပိတ်ရက်တွေကို မိုးအေးအေးလေးနဲ့ဖြတ်သန်းရပြီဆိုရင်တော့ အိမ်မှာနေရင်းအပျင်းပြေ တစ်ခုခုလုပ်စားနိုင်ဖို့ ခေါင်းစားရပြီလေ။ အလုပ်ရှုပ်သက်သာပြီး လွယ်လွယ်ကူကူလုပ်စားလို့ရသလို စားလို့မြိန်ဖို့ကလည်းအရေးကြီးပြန်တော့ ဖွယ်ဖွယ်ရာရာလေးဖြစ်သွားအောင် တုတ်ထိုးအစုံလေးလုပ်စားကြရအောင်။ လုပ်ရတာလည်းလုံးဝလွယ်ကူ အချိန်ကုန်သက်သာပြီး ငွေကုန်ကြေးကျလည်းနည်းတော့ အိမ်ရှင်မတို့အတွက် အဆင်ပြေလိမ့်မယ်လို့မျှော်လင့်ပါတယ်နော်။

တုတ်ထိုးအစုံပြုလုပ်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့-

  • -ပဲပြား(၂)တုံး
  • -တို့ဟူး(၂၅)ကျပ်သား
  • -အသားတု(၅)ကျပ်သား
  • -အာလူးအလုံးသေး(၁၀)ကျပ်သား
  • -ငရုတ်သီးစိမ်း(၅)တောင့်
  • -စိန်တံဆိပ်အချဉ်ရည်
  • -သံပုရာသီး(၂)လုံး
  • -ထန်းလျက်ခဲ(၂)ခဲ
  • -အသားမှုန့်
  • -နနွင်းမှုန့်
  • -ကြက်သွန်ဖြူ(၅)မွှာ
  • -နံနံပင်အနည်းငယ်

ပြုလုပ်ပုံကတော့-

၁-အသားတုကိုရေစိမ်ထားပြီး ပဲပြား ၊ တို့ဟူးတို့ကိုခပ်ပါးပါး တြိဂံပုံလေးတွေလှီးပေးထားပါ။ အာလူးကိုရေဆေးပြီး ပြုတ်ထားပေးပါ။

၂-ပဲပြားကိုအသားမှုန့် နနွင်းမှုန့်အနည်းတို့နဲ့ အပေါ်ယံကနေ ခပ်ဖွဖွလေးသုပ်ပေးပါ။

၃-ဆီ(၂၅)ကျပ်သားလောက် ဒယ်အိုးထဲမှာဆူအောင်တည်ပြီး တို့ဟူးတွေကို အပေါ်ယံအသားလေးတွေတင်းတဲ့အထိကြော်ပေးပြီး ဇကာတစ်ခုထဲမှာဆီစစ်ထားပါ။ (သတိထားရမှာက တို့ဟူးကိုထူထူကြီးလှီးလိုက်မိရင် ဒယ်အိုးထဲကပ်သွားပြီး ဆီတအားစုပ်သွားတာမို့ ခပ်ပါးပါးလေးလှီးပေးဖို့ပါပဲ)

၄-အရသာသုတ်ထားတဲ့ပဲပြားကိုလည်း ထည့်ကြော်ပေးပြီး အပေါ်ယံအသားလေးတွေ တင်းတင်းလေးဖြစ်လာပြီဆိုရင်တော့ ဆယ်ယူပြီးဆီစစ်ပေးထားပါ။

၅-အာလူးကိုရေအေးထဲမှာထည့်စိမ်ပြီး အခွံနွှာကာ ဓားနဲ့ထပ်ခြမ်းခြမ်းပေးပါ။

၆-ရေစိမ်ထားတဲ့အသားတုတွေကိုရေညှစ်ပြီး ဒယ်အိုးထဲမှာထည့်လှော်ပေးပါ။ ဆီမထည့်ပါနဲ့ အသားတုကဆီစုပ်ယူမှုတအားကောင်းတာမို့ အီအီကြီးဖြစ်သွားမှာကြောင့်ပါ။ ရေခြောက်ပြီးအနံ့လေးထွက်လာပြီဆိုရင် ဆယ်ယူပေးပါ။

ဒီလောက်ဆိုရင် တုတ်ထိုးတော်တော်လေးစုံသွားပြီဆိုတော့  အရေးကြီးဆုံးဖြစ်တဲ့ တုတ်ထိုးနဲ့တို့စားရမယ့် အချဉ်ရည်လေးဆက်လုပ်ကြရအောင်။

၇-အချဉ်ရည်ထုပ်ထဲက တဝက်လောက်ကို ဇလုံတစ်ခုထဲကိုညှစ်ထည့်ပါ။ ငရုတ်ဆုံထဲမှာ ငရုတ်သီးစိမ်း ၊ ကြက်သွန်ဖြူ ၊ ထန်းလျက်ခဲတို့ကိုရောထောင်းပြီး အချဉ်ရည်ပန်းကန်ထဲကိုရောထည့်ပါ။ သံပုရာရည်ညှစ်ထည့်ပေးပါ။ ငံပြာရည်ထမင်းစားဇွန်းတစ်ဇွန်းထည့်ပေးပါ။ ရောမွှေပြီးနံနံပင်အနည်းငယ် ညှပ်ထည့်လိုက်မယ်ဆိုရင်တော့ တုတ်ထိုးလေးတွေနဲ့လိုက်ဖက်တဲ့အချဉ်ရည်လေးကို ရရှိပါပြီနော်။

ကဲ..ဒီတော့ တုတ်ထိုးအစုံလေးတွေကို အိမ်မှာတင်ပဲသန့်သန့်လေးလုပ်စားလို့ရပြီပေါ့နော်။

Leave A Comment

Your email address will not be published. Required fields are marked *