နူးအိပြီးအရသာအရမ်းရှိတဲ့ ဝက်သားနီအချိုချက်လေးချက်စားရအောင်

အသားမှာဝက်ဆိုတဲ့အတိုင်း ဝက်သားမစားသူတွေကလွဲရင် အသားထဲမှာဝက်သားကိုလူကြိုက်အများဆုံးပါပဲ။ အသားများသလို အခေါက်အဆီအသားရောနှောပါဝင်တာလည်း ဝက်သားရဲ့စွဲမက်ဖွယ် ဂုဏ်ရည်တစ်ခုပါပဲ။ အသားလေးကအိညက်နေသလို စားလို့ဝါးလို့လည်းကောင်းလှတာကြောင့် ဝက်သားကိုနည်းလမ်းပေါင်းစုံနဲ့ ချက်စားတတ်ကြပါတယ်။ ဝက်သားချက်နည်းများစွာရှိတဲ့အထဲက Foodies Navi ကနေ ဝက်သားနီချက်နည်းလေးကို ပြောပြပေးချင်ပါတယ်။

ဝက်သားနီချက်ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့-

  • -ဝက်သားသုံးထပ်သား (၅၀)ကျပ်သား
  • -ကြက်သွန်ဖြူ(၁၀)မွှာ
  • -ကြက်သွန်နီ(၅)လုံး
  • -ပဲငံပြာရည်အကြည် ထမင်းစားဇွန်း(၁)ဇွန်း
  • -ပဲငံပြာရည်အနောက် ထမင်းစားဇွန်း(၁)ဇွန်း
  • -ငံပြာရည် ထမင်းစားဇွန်း(၁)ဇွန်း
  • -ကြက်သားမှုန့် ထမင်းစားဇွန်း(၁)ဇွန်း
  • -သကြား ထမင်းစားဇွန်း တစ်ဝက်
  • -ပဲဆီ ၁၅ကျပ်သား
  • -ဂျင်း လက်မဝက်ခန့်

ပြုလုပ်ပုံကတော့ ဝက်သားသုံးထပ်သားကို အနေတော်အရွယ်လေးတွေတုံးပြီး ကြက်သားမှုန့် ၊ ပဲငံပြာရည်(အကြည်/အနောက်) ၊ ငံပြာရည် ၊ တို့နဲ့ရောနယ်ကာ နာရီဝက်ခန့်နှပ်ထားပေးပါ။ ကြက်သွန်ဖြူကိုပါးပါးလှီးပြီး ဂျင်းနဲ့အတူရောထောင်းပေးပါ။ ကြက်သွန်နီကို အခွံနွှာပြီးရေဆေးထားပါ။ ဆီပူအောင်တည်ထားပြီး ဆူလာပြီဆိုရင်တော့ သကြားထည့်ပြီး သကြားညိုလာပြီဆိုရင်တော့ ကြက်သွန်ဖြူနဲ့ဂျင်းရောထောင်းထားတာကို ထည့်လိုက်ပါ။ ဆီသတ်နံ့သင်းလာပြီဆိုရင်တော့ ကြက်သွန်နီကိုထည့်ပေးပါ။ ကြက်သွန်နီအနည်းငယ်နူးလာတာနဲ့ ဝက်သားကိုထည့်ပြီး ၃မိနစ်လောက်ကြာရင်တော့ ဝက်သားမြုပ်ရုံလောက်ရေထည့်ပြီး အဖုံးလုံအောင်ပိတ်ကာ တည်ထားပေးပါ။ ဟင်းအိုးထဲကအရည်တွေ ဝက်သားတုံးအောက်ခြေနားရောက်လောက်ပြီဆိုရင်တော့ ရေထပ်ထည့်ပြီး အပေ့ါအငံစိတ်ကြိုက်ပြင်ဆင်ကာ ဝက်သားနူးတဲ့အပေါ်မူတည်ပြီး တည်ထားပေးပါ။ ဝက်သားနူးပြီး ဆီပြန်သွားပြီဆိုရင်တော့ ဝက်သားနီအချိုချက် နူးနူးအိအိလေးကို ရရှိပါပြီနော်။ ချက်ပြုတ်နည်းလွယ်ကူပြီး အရသာထူးခြားကောင်းမွန်တာကြောင့် အိမ်ရှင်မတို့အကြိုက်တွေ့ကြလိမ့်လို့ ယုံကြည်ပါတယ်နော်။

Leave A Comment

Your email address will not be published. Required fields are marked *