ဆီနည်းနည်းအိအိလေးနဲ့ ရိုးမသွားနိုင်တဲ့ မြိတ်ကတ်ကြေးကိုက်လေး ကြော်စားကြမယ်

တနင်္သာရီတိုင်းကအစားအစာလို့ ပြောလိုက်တာနဲ့ မြိတ်ကတ်ကြေးကိုက်လေးကို တန်းမြင်မိကြလိမ့်ထင်ပါတယ်။ မြိတ်ကတ်ကြေးကိုက်အစစ်ဟာဆိုရင် ဆီပါဝင်မှုနည်းနည်းနဲ့ အိအိလေးဖြစ်အောင်ကြော်ပေးထားတာကြောင့် ဘယ်လောက်စားစားမအီဘဲ စားပြီးထပ်ထပ်စားချင်လာစေပါတယ်။ ဒေသကွဲတဲ့အစားအစာတစ်ခုဖြစ်ပေမယ့် လူတိုင်းရဲ့ခံတွင်းနဲ့လိုက်ဖက်တာကြောင့် နေရာဒေသတိုင်းလိုလိုမှာ မြိတ်ကတ်ကြေးကိုက်ကို ဝယ်ယူသုံးဆောင်နိုင်ပါတယ်။ ဒီလိုလူကြိုက်များလှတဲ့ မြိတ်ကတ်ကြေးကိုက်လေးကို အိမ်မှာပဲအလွယ်တကူလုပ်စားနိုင်ဖို့ကတော့ တအားလွယ်ပါတယ်နော်။

မြိတ်ကတ်ကြေးကိုက်ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့-

  • -ကတ်ကြေးကိုက်ဖတ် (၂၀)ကျပ်သား
  • -ကြက် ၊ ပုဇွန် ၊ ပြည်ကြီးငါး
  • -ပဲပင်ပေါက် (၅)ကျပ်သား
  • -ဂေါ်ဖီ (၅)ကျပ်သား
  • -ပဲပြုတ် (၅)ကျပ်သား
  • -မုန်လာဥနီ (၅)ကျပ်သား
  • -ပဲငံပြာရည်အကြည် ထမင်းစားဇွန်း(၁)ဇွန်း
  • -ပဲငံပြာရည်အနောက်  ထမင်းစားဇွန်း(၁)ဇွန်း
  • -သကြား ထမင်းစားဇွန်း(၁)ဇွန်း
  • -ဆီအနည်းငယ်
  • -ဆားအနည်းငယ်
  • -ကြက်သွန်မြိတ်(၂)ချောင်း
  • -ကြက်သွန်ဖြူ (၃)မွှာ
  • -ငရုတ်သီးအကြမ်းဖတ် ထမင်းစားဇွန်း(၁)ဇွန်း
  • -ငရုတ်သီးအစိမ်းမှုန့် လက်ဖက်ရည်ဇွန်း(၁)ဇွန်း
  • -ဗင်နီကာ ထမင်းစားဇွန်း(၁)ဇွန်း
  • -ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း(၁)ဇွန်း
  • ကြက်ဥ(၁)လုံး

ပြုလုပ်ပုံကတော့ ကြက်သားပါးပါးလှီး ၊ ပုဇွန် ၊ပြည်ကြီးငါးတို့ကို ကြက်သားမှုန့်နဲ့နယ်ပြီးနှပ်ထားပေးပါ။ ပဲပင်ပေါက်ကိုရေဆေးပြီး ၊ ကြက်သွန်ဖြူကိုနုပ်နုပ်စင်းထားပေးပါ။ ကြက်သွန်မြိတ် ၊ဂေါ်ဖီ ၊ မုန်လာဥနီတို့ကို အနေတော်အရွယ်လေးတွေလှီးထားပေးပါ။ အိုးပူလာပြီဆိုရင် ဆီအနည်းငယ်ထည့်ပြီးကြက်သွန်ဖြူကိုဆီမွှေးသတ်ပေးပါ။ ကြက်သား ကိုအရင်ထည့်ပြီး ပုဇွန် ၊ ပြည်ကြီးငါးတို့ကိုဆက်ထည့်ပေးပြီး တရစပ်မွှေပေးပြီး ရေနွေးအနည်းငယ်ထည့်ကာ နူးပြီးအနည်းငယ်ခြောက်သွားအောင်ကြော်ပေးပါ။ အသားနူးသွားရင်တော့ ဂေါ်ဖီ ၊ မုန်လာဥနီ ၊ ဆား ၊ ကြက်သားမှုန့် ၊ ပဲငံပြာရည်အနောက်တို့နဲ့နှံ့အောင်မွှေပြီး ကြော်ပေးပါ။ အကုန်နူးသွားရင်တော့ ပန်းကန်တစ်ခုထဲခဏထည့်ပေးထားပါ။

အိုးထဲကိုဆီအနည်းငယ်ထည့်ပြီး ငရုတ်သီးအစိမ်းမှုန့်နဲ့အကြမ်းဖတ်ကိုထည့်ပြီးမွှေပေးရင်း ဗင်နီကာနဲ့ ပဲငံပြာရည်အကြည် ၊ ကြက်ဥတို့ကိုထည့်မွှေပေးပါ။ အနံ့ရလာပြီဆိုရင်တော့ ညှပ်ဖတ် ၊ ဆား ၊ ကြက်သားမှုန့် ရောကြော်ပေးပြီးနူးလာရင်တော့ ခွဲထည့်ထားတဲ့အသားနဲ့အသီးအရွက်တွေကိုရောထည့်ပေးပါ။ နှံ့အောင်မွှေပြီး ပဲပင်ပေါက်နဲ့ပဲပြုတ်ကိုထည့်ပြီး သာသာလေးမွှေပေးပါ။ နောက်ဆုံးမှာတော့ အရသာမြည်းပြီးကြက်သွန်မြိတ်လေးအုပ်လိုက်ရင်တော့ မြိတ်ကတ်ကြေးအိုက်ပူပူနွေးနွေးအိအိလေးကို  အဆင်သင့်သုံးဆောင်လို့ရပါပြီနော်။

Leave A Comment

Your email address will not be published. Required fields are marked *