အုန်းသီးဖတ်နဲ့ပင်ပွားလေးတွေထည့်ပြီး အိအိတုံတုံဂျယ်လီကျောက်ကျောလေး လုပ်စားကြမယ်

အလှူအတန်းတွေမှာပဲဖြစ်ဖြစ် အပျော်လုပ်စားရင်ပဲဖြစ်ဖြစ် ပြုလုပ်ရလွယ်ကူပြီး ကလေးလူကြီးမရွေးကြိုက်နှစ်သက်ကြတဲ့ အချိုပွဲကတော့ ကျောက်ကျောပါပဲနော်။ အိအိတုံတုံကျောက်ကျောလေးတွေကို အရင်တုန်းကတော့ ကျောက်ကျောအမာလေးတွေသာပြုလုပ်ကြပေမယ့် အခုခေတ်မှာတော့ အလွယ်တကူပြုလုပ်နိုင်တဲ့ ဂျယ်လီကျောက်ကျောထုပ်လေးတွေပေါ်လာပြီး ဂျယ်လီကျောက်ကျောကိုပိုပြီး လူကြိုက်များလာကြပါတယ်။

ကျောကျောက်အရသာတွေထဲမှာ ဘယ်အရသာကြိုက်လဲမေးကြည့်မယ်ဆိုရင်တော့ အုန်းနို့အရသာလို့ တန်းပြီးပြောကြမှာမြင်ယောင်ပါသေးတယ်နော်။ အုန်းနို့ကျောက်ကျောအရသာကို တအားကျပေမယ့် အုန်းနို့ရဲ့နောက်ဆက်တွဲကျန်းမာရေးဆိုးကျိုးတွေက စောင့်ကြိုနေကြတော့ အုန်းနို့ကျောက်ကျောဆို ကြိုက်ပေမယ့်မစားရတဲ့လူတွေ ခက်များများရယ်။ ဒီတော့ Foodies Navi ကနေ ကျန်းမာရေးကိုမထိခိုက်စေဘဲ စိတ်ကြိုက်အဝစားနိုင်မယ့်အပြင် အုန်းသီးအရသာလေးတွေပါ ပါဝင်သီးမယ့် အုန်းစိမ်းပင်ပွားဂျယ်လီကျောက်ကျော ပြုလုပ်နည်းလေးကို ကျောက်ကျောချစ်သူတွေကို ဝေမျှပေးချင်ပါတယ်နော်။

  • အုန်းစိမ်းပင်ပွားဂျယ်လီကျောက်ကျော ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့-
  • -အာဂါးဂျယ်လီကျောကျော အပြာရောင်အထုပ်သေး(၁)ထုပ်
  • -အုန်းသီးစိမ်း(၁)လုံး
  • -သကြား(၂၅)ကျပ်သား
  • -ပင်ပွား (၂၀၀)ဖိုး (ပရဆေးဆိုင်မှာဝယ်ယူလို့ရပါတယ်)

ပထမဆုံးအုန်းသီးခွဲပြီး အုန်းရည်တွေကိုသိမ်းထားပြီး အုန်းသီးဖတ်လေးတွေကို အနေတော်အရွယ်လေးတွေခြစ်ပေးပါ။ သကြားကို ဒန်အိုးတစ်လုံးထဲထည့်ပြီး ရေမြုပ်ရုံထည့်ကာ သကြားအရည်ပျော်တဲ့အထိ  မီးဖိုပေါ်တင်ထားပေးပါ။ ပင်ပွားကိုလည်း ရေခွက်ထဲထည့်ပြီး ရေစိမ်ထားပါ။ သကြားအရည်ပျော်သွားပြီဆိုရင်တော့ အအေးခံပြီး ရေစစ်နဲ့စစ်ပေးပါ(သကြားမှာအမှုန်ပါမှာစိုးလို့ပါ) ။ စစ်ပြီးရင်တော့ သကြားရည်ထဲကို အုန်းရည် ၊ ကျောက်ကျောမှုန့်ရောထည့်ပြီး မွှေပေးပါ။ ပြီးရင်တော့ လေးလုံးဝင်ဒန်အိုးထဲကို နို့ဆီခွက်(သို့)နို့ဆီခွက်အရွယ်ဖန်ခွက်နဲ့ ရောမွှေထားတဲ့အရည်တွေကို ချိန်ပြီးထည့်ပါ။ စုစုပေါင်း(၆)ခွက်ရှိရမှာဖြစ်ပြီး စုစုပေါင်း(၆)ခွက်မပြည့်ဘူးဆိုရင်တော့ ရေကိုပေါင်းထည့်ပေးပါ။ (၆)ခွက်ပြည့်သွားရင်တော့ မီးဖိုပေါ်တင်ပြီး (၅)မိနစ်လောက်နေရင် အုန်းသီးဖတ်နဲ့ပင်ပွားတွေထည့်ပြီး ဖြည်းဖြည်းချင်းမွှေပေးနေပါ။ စေးလာပြီထင်ရင်တော့ ဇွန်းခွက်ထဲနည်းနည်းထည့်ပြီး အအေးခံကြည့်ပါ။ ခဲသွားတယ်ဆိုရင်တော့ ဒန်အိုးထဲကနေ ဗန်းထဲကိုလောင်းထည့်လို့ရပါပြီနော် (ကျောက်ကျောအထုပ်သေးကတော့ ဗန်းသေးတစ်ဗန်းစာပါနော်)။ ဗန်းထဲမှာ ပုံထဲကအတိုင်း အေးပြီးခဲသွားပြီဆိုရင်တော့ အရသာရှိတဲ့ အုန်းစိမ်းပင်ပွားဂျယ်လီကျောက်ကျော အိအိတုံတုံလေးကို အရသာရှိရှိစားသုံးလို့ရပါပြီနော်။

Leave A Comment

Your email address will not be published. Required fields are marked *