ချိုမြတဲ့ပြောင်းဖူးလေးကို ချိုချဉ်ငံစပ်လေးထောင်းစားကြမယ်

ပူလောင်အိုက်စက်နေတဲ့ ရာသီဥတုထဲမှာမှ ပူပူစပ်စပ်လေးတွေကို ချွေးတရွှဲရွှဲနဲ့စားရတာလည်း ဖီးလ်တစ်မျိုးပါပဲနော်။ ပူပူစပ်စပ်ဆိုရင် အရင်ကလို မုန့်တီ ၊ ရှောက်သီးသုပ် ၊ ကြာဇံချက်ခေတ်မဟုတ်တော့ဘဲ ယိုးဒယားအစားအစာလေးတွေက အစားတစ်လိုင်းတို့ရင်ထဲကို အစားထိုးဝင်ရောက်နေရာယူလာပါပြီ ။ ယိုးဒယားအစားအစာတွေဆိုလို့ အိုက်စက်စက်နဲ့အပြင်မှာထွက်စားရမှာဆိုပြီး စိတ်တော့မပျက်လိုက်နဲ့နော်။ အစားတစ်လိုင်းတို့ ယိုးဒယားအစားအစာဆိုင်တွေမှာ သွားသွားစားနေတဲ့ ချိုချဉ်ငံစပ်ပြောင်းဖူးထောင်း အရသာလေးကို ဆိုင်ကလက်ရာအတိုင်း အိမ်မှာတင်ပြုလုပ်နိုင်မယ့် လွယ်ကူတဲ့နည်းလမ်းကောင်းလေးကို Foodies Navi ကနေ လက်ဆောင်ပေးချင်ပါတယ်နော်။

ယိုးဒယားပြောင်းဖူးထောင်းပြုလုပ်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့-

  • -ပြောင်းဖူး အနေတော်(၁)ဖူး
  • -ခရမ်းချဉ်သီး (၂)လုံး
  • -ခရမ်းကြွပ်သီး (၂)လုံး
  • -ကြက်သွန်နီ (၂)လုံး
  • -ငရုတ်သီးစိမ်းအရှည်တောင့် (၄)တောင့်
  • -ပျားရည် ထမင်းစားဇွန်း(၂)ဇွန်း
  • -ထန်းလျက်ခဲ (၂)ခဲ
  • -ငံပြာရည် ထမင်းစားဇွန်း (၂)ဇွန်း
  • -သံပုရာသီး(၁)လုံး

ပြုလုပ်ပုံကတော့ ပြောင်းဖူးကိုပြုတ်ပြီး ဇလုံတစ်ခုထဲမှာခြွေထားပေးပါ။ ခရမ်းချဉ်သီးကို (၈)စိတ်စိပ်ပြီးလှီးပါ။ ကြက်သွန်နီကိုမထူမပါးလှီးပါ။ ငရတ်သီးစိမ်းကို (၄)ပိုင်းလောက်ပိုင်းပါ။ ခရမ်းကြွပ်သီးကို (၄)စိတ်စိပ်ပါ။ သံပုရာသီးကိုလည်း လေးစိတ်စိပ်ထားပါ။ ပြီးရင်တော့ ငရုတ်ဆုံခပ်နက်နက်လေးထဲမှာ ထန်းလျက်ခဲကိုကြေညက်သွားတဲ့အထိထောင်းပါ။ လှီးထားတဲ့ငရုတ်သီးစိမ်း ၊ ကြက်သွန်နီ ၊ ခရမ်းကြွပ်သီး ၊ ခရမ်းချဉ်သီးတွေကိုရောထည့်ထောင်းပါ။ သံပုရာသီးကိုညှစ်ထည့်ပြီး အခွံပါထည့်ထောင်းပေးပါ။ ငရုတ်ဆုံထဲကို ငံပြာရည် ၊ ပျားရည်တို့ကိုထည့်ပြီး မွှေပေးပါ။ ပြီးရင်တော့ ပြောင်းဖူးခြွေထားတဲ့ပန်းကန်ထဲကို လောင်ထည့်ပြီးသမအောင်မွှေပေးပါ။

ဒါဆိုရင်တော့ ပြောင်းဖူးအရသာချိုချိုဆိမ့်ဆိမ့်လေးနဲ့အတူ ချိုချဉ်စပ်အရည်လေးခပ်သောက်ပြီး ပူပူစပ်စပ်အရသာလေးကို ဇိမ်ရှိရှိခံစားလိုက်ရအောင်နော်။

 

Leave A Comment

Your email address will not be published. Required fields are marked *