ပဲအရသာဆိမ့်ဆိမ့်လေးနဲ့ မွှေးအိနေတဲ့ တို့ဟူးနွေးကို ကိုယ်တိုင်လုပ်စားကြည့်ရအောင်

ရှမ်းရိုးရာဒေသအစားအစာတွေကို လက်ချိုးရေကြည့်မယ်ဆိုရင်  တို့ဟူးနွေးကိုမေ့ထားခဲ့လို့မရပါဘူး။ ရှမ်းစာလို့အမည်တပ်လိုက်တာနဲ့ တို့ဟူးနွေးကလည်း ထိပ်ဆုံးနေရာကနေ ဝင်ရောက်လာပါတယ်။တို့ဟူးနွေးဟာ ပဲအရသာဆိမ့်ဆိမ့်လေးကိုမှ ဆန်စီးခေါက်ဆွဲလေးနဲ့ ရောစားရတော့ စီးစီးပိုင်ပိုင်လေးနဲ့ ဗိုက်အဝဖြည့်နိုင်တဲ့ အစားအစာလေးပါ။ ဒီလိုမျိုး အစားတစ်လိုင်းတို့ရင်ထဲမှာ နေရာဝင်ယူပြီးသားဖြစ်နေတဲ့တို့ဟူးနွေးကို ဆိုင်မှာပဲဝယ်စားရမယ်လို့တော့ ဘိုင်သေမတွက်ထားနဲ့နော်။ အိမ်မှာလည်း ကိုယ်တိုင်ကိုယ်ကျလွယ်လွယ်ကူကူ လုပ်စားလို့ရပါတယ်နော်။ တို့ဟူးအနှစ်အပျစ်အကျဲကအစ ကိုယ်တိုင်ဖန်တီးရတာဆိုတော့ ပိုပြီးစိတ်တိုင်းကျနိုင်မှာ အသေအချာပါပဲနော်။

တို့ဟူးနွေးပြုလုပ်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့-

  • -မွှေး ကုလားပဲစိမ်းမှုန့် (၁)ထုပ်
  • -ကြက်သား(၁၀)သား
  • -ခရမ်းချဉ်သီး(၄)လုံး
  • -ပဲငံပြာရည်အကြည်
  • -မြေပဲဆံလှော် (၅)ကျပ်သား
  • -သကြား ထမင်စားဇွန်း (၂)ဇွန်း
  • -ဆား
  • -ပဲငပိ

ပြုလုပ်ပုံကတော့-

(၁)-ဆန်စီးခေါက်ဆွဲကို ရေ(၁)နာရီလောက်စိမ်ထားပြီး ရေနွေးဆူဆူထဲမှာထည့်ပြုတ်ပါ။ လိုတဲ့အနေအထားရပြီဆိုရင်တော့ ဆယ်ယူပြီးရေအေးထဲမှာစိမ်ထားပေးပါ။

(၂)-ကြက်သားကိုနုတ်နုတ်စင်းပြီး ငရုတ်သီးဆီမွှေးသတ်ပြီး ခရမ်းချဉ်သီးနဲ့ရောချက်ပါ။ ခရမ်းချဉ်သီးအရည်ပျော်ချိန်မှာတော့ ပဲငပိ ၊ သကြား ၊ ငံပြာရည် ၊ ကြက်သားမှုန့်အနည်းငယ် ရောထည့်ပြီး ဆီပြန်ချက်ပေးပါ။

(၃)-ပဲမှုန့်ကို ရေနို့ဆီခွက်(၂)ခွက်စာနဲ့ရောမွှေပြီး ပျော်သွားအောင်လုပ်ပေးပါ။ ပျော်သွားရင် အိုးတစ်အိုးထဲမှာ (၁၀)မိနစ်လောက် ထည့်ကြိုပေးပါ။

ကြိုနေရင်းနဲ့ သကြား ၊ နနွင်းအနည်းငယ်ဆီ ထည့်မွှေပေးပါ။

(၄)-တို့ဟူးနှစ်အပျစ်အကျဲလိုသလို ရပြီဆိုရင်တော့ တို့ဟူးနွေးပွဲပြင်ဖို့  ကြက်သွန်မြိတ်ကို ခပ်ပါးပါးလှီးပေးပါ။ မြေပဲလှော်တွေကို မညက်တညက်ထောင်းပေးထားပါ။

(၅)-ပွဲပြင်မယ်ဆိုရင် ဆန်စီးခေါက်ဆွဲကို ပန်းကန်လုံးတစ်ခုထဲမှာထည့်ပါ။ ကြိုထားတဲ့တိုဟူးအနှစ်တွေကို ဆန်စီးဖတ်တွေမြုပ်သွားတဲ့အထိ လောင်းထည့်ပေးပါ။

(၆)-အပေါ်ယံကနေတော့ ကြက်သားခရမ်းချဉ်သီးအနှစ် ၊ ပဲငံပြာရည်အကြည် ၊ ကြက်သွန်မြိတ် ၊ မြေပဲလှော်တွေရောထည့်လိုက်ရင်တော့ ပြည့်စုံကောင်းမွန်တဲ့ တို့ဟူးနွေးချိုဆိမ့်မွှေးလေးကို ရရှိပါပြီနော်။ တွဲဖက်စားဖို့အတွက်ကိုတော့ အီကြာကွေး ၊ ဝက်ခေါက်ကြော်တို့နဲ့ အရသာပိုထူးခြားအောင် တွဲစားလို့ရပါတယ်နော်။

 

Leave A Comment

Your email address will not be published. Required fields are marked *