အိအိစီးစီးလေးနဲ့ ဝမ်းဗိုက်ကိုတင်းတိမ်စေမယ့် ကောက်ညှင်းဆီထမင်းလေးလုပ်စားကြမယ်

မနက်ခင်းအဆာပြေစားတဲ့အခါ တင်းတိမ်ရောင့်ရဲစေတဲ့ မနက်စာဖြစ်သလို နေ့ခင်းနေ့လည်အဆာပြေစားမယ်ဆိုလည်း စားလို့ကောင်းနေပြန်တဲ့ ကောက်ညှင်းဆီထမင်းလုပ်နည်းလေးကိုပြောပြပေးမယ်နော်။ အိအိစီးစီးလေးနဲ့စားလို့ကောင်းလှတာမို့  မြန်မာ့ရိုးရာမုန့်တွေထဲမှာနာမည်ကြီးစားစရာလေးဖြစ်သလို လူကြိုက်လည်းတအားများတာမို့ နေရာတိုင်းမှာဝယ်စားလို့ရနိုင်ပေမယ့် ကိုယ်တိုင်အိမ်မှာလုပ်စားတော့ အရသာပိုစိတ်တိုင်းကျသလို တဝကြီးစားလို့ရတာပေါ့နော်။

ကောက်ညှင်းဆီထမင်းပြုလုပ်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့

  • -ကောက်ညှင်းဆန် နို့ဆီဗူး(၁)ဗူး
  • -ဆီ ထမင်းစားဇွန်း(၂)ဇွန်း
  • -ဂျင်းအနည်းငယ်
  • -ရေနွေး နို့ဆီဗူးတဝက်ခန့်
  • -နနွင်းမှုန့် အနည်းငယ်
  • -ဆားအနည်းငယ်
  • -ကြက်သွန်ဖြူ (၃)မွှာ

ပြုလုပ်ပုံကတော့ –

၁-ကောက်ညှင်းဆန်ကိုရေစစ်ပြီး ဇကာတစ်ခုထဲမှာစစ်ထားပေးပါ။

၂-ကြက်သွန်ဖြူနဲ့ဂျင်းနဲ့ကိုရောထောင်းပေးပါ။

၃-ဆီပူနေတဲ့ဒယ်အိုးထဲမှာ နနွင်းမှုန့် ၊  ကြက်သွန်ဖြူဂျင်းထည့်ပြီး ဆီမွှေးသတ်ပေးပါ။

၄-ရေစစ်ထားတဲ့ကောက်ညှင်းဆန်ကို ဆားအနည်းငယ်ရောထည့်ပြီး ထည့်လှော်ပေးပါ။

၅-ကောက်ညှင်းဆန်လေးတွေ ကြွပ်သလိုလေးဖြစ်လာပြီဆိုရင် ရေနွေးထည့်ပြီးမွှေပေးပါ။ အဖုံးအုပ်တည်ထားပြီး (၅)မိနစ်ခြားတစ်ခါလောက် အထက်အောက်လှန်ပေးပါ။

၆-ရေခမ်းတဲ့အထိကောက်ညှင်းဆန်မာနေတယ်ထင်ရင် ရေနည်းနည်းဖြန်းပေးလို့ရပါတယ်။ ကောက်ညှင်းဆန်ပျော့စီးစီးလေးဖြစ်သွားပြီဆိုရင်တော့ ကောက်ညှင်းဆီထမင်းလေးကို အသင့်စားသုံးလို့ရပါပြီနော်။

ကောက်ညှင်းဆီထမင်းလေးကို နှမ်းထောင်း ၊ ပဲပြုတ် ၊ ကြက်သွန်ကြော်လေးတွေနဲ့ တွဲစားလို့ကောင်းသလို ငါးခြောက်ကြော်/ဖုတ်လေးနဲ့တွဲစားမယ်ဆိုရင်လည်း လုံးဝရှယ်ပဲနော်။

Leave A Comment

Your email address will not be published. Required fields are marked *