လျှာပေါ်တစ်ဇွန်းတင်ရုံနဲ့ ချိုအီမွှေးဆိမ့်တဲ့ အရသာတွေခံစားရမယ့် စမိုင်ပြုလုပ်နည်း

နာမည်ကြီးအိန္ဒိယရိုးရာအစားအစာတွေအများကြီးရှိပေမယ့် စမိုင်ကတော့အစားတစ်လိုင်းတို့ အကြွေဇယားထဲမှာ နေရာယူထားပြီးသားဖြစ်ပါတယ်။ အဆိမ့်အရသာမှာ ထူးကဲသာလွန်တဲ့ အုန်းနို့နဲ့ထောပတ်တွေကနေ အရသာဓာတ်ပေါင်းဖိုတွေစုပြုံထားတော့ တစ်ဇွန်းလောက်လျှာပေါ်တင်လိုက်တာနဲ့ ချိုဆိမ့်တဲ့အရသာအထိအတွေ့ကို တမဟုတ်ချင်းပေးစွမ်းနိုင်တဲ့ အချိုပွဲလေးဆိုတော့ စမိုင်ကိုကြွေကြတာလည်း မဆန်းပါဘူးလေ။ ဒီလိုရှယ်အရသာထူးတဲ့ စမိုင်ဟာ အာဟာရလည်းပြည့်ဝသလို ကလေးလူကြီးမရွေးစားသုံးနိုင်တော့ အိမ်မှာလွယ်လွယ်ကူကူလုပ်စားလို့ရအောင် အလွယ်ကူဆုံးနည်းလေးကို ဝေမျှပေးလိုက်ပါတယ်နော်။

စမိုင်ပြုလုပ်ဖို့အတွက်လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့-

  • -စမိုင်ခြောက်-ကြာဇံခြောက် (အပျစ်အကျဲချိန်ဆပြီး ကြိုက်သလောက်ထည့်ပါ)
  • -ထောပတ်(ကြိုက်သလောက်ထည့်ပါ)
  • -အုန်းနို့အဆီ ဗူးကြီး(၁)ဗူး
  • -နို့ဆီ(၁)ဗူး
  • -နို့စိမ်း(၁)ဗူး
  • -သကြား(၂၀)ကျပ်သား
  • -သီဟိုစေ့
  • -စပျစ်ခြောက်(အဖြူ)
  • -မြေပဲလှော်

ပြုလုပ်ပုံကတော့ –

၁-စမိုင်ခြောက်ကို ထောပတ်ရောထည့်ကာ လှော်ပေးပါ။ လှော်ပြီးသားကိုတော့ ဇလုံတစ်ခုထဲထည့်ထားပါ။

၂-ဒန်အိုးအနေတော်အရွယ်တစ်လုံးထဲမှာ ရေတဝက်ကျော်ကျော်လောက်ထည့်ပြီး ပွက်ပွက်ဆူအောင်ထည့်ထားပေးပါ။(စမိုင်တစ်စ ရေဆယ်ဆသုံးပါ)

၃-ရေဆူလာရင်တော့ အုန်းနို့ ၊ သကြား ၊ နို့ဆီ ၊ နို့စိမ်း ၊ သီဟိုစေ့ ၊ စပျစ်ခြောက် ၊ မြေပဲတွေအကုန်ထည့်ပြီး မွှေမွှေပေးပါ။

၄-လိုအပ်တဲ့အပျစ်အနေအထား မရောက်တရောက်မှာ လှော်ထားတဲ့စမိုင်တွေထည့်ပြီး (၅)မိနစ်လောက်ဆိုရင်တော့ ချိုဆိမ့်မွှေးတဲ့အရသာတွေပေါင်းစုထားတဲ့ စပိုင်ချိုချိုမွှေးမွှေးလေးရရှိပါပြီနော်။

Leave A Comment

Your email address will not be published. Required fields are marked *