ချဉ်ချဉ်စပ်စပ်ကိုမှ ချဉ်ခြင်းတက်နေတဲ့အစားတစ်လိုင်းတို့အတွက် ငါးနီတူခြောက်သုပ်နည်း

အုံ့အုံ့မှိုင်းမှိုင်းနဲ့ မိုးပြိုင်းပြိုင်းရွာနေတဲ့ဒီလိုရာသီမျိုးမှာ အချဉ်အစပ်တွေ ချဉ်ခြင်းတက်ရတာလည်းအမော ? ချဉ်ချဉ်စပ်စပ်ဆိုရင်တော့ ဘယ်ခါတွေးတွေး ရခိုင်သုပ်လေးတွေပဲမျက်လုံးထဲပေါ်လာတာရယ် ? ရခိုင်သုပ်လေးတွေထဲကမှ ဒီတစ်ခါမှာတော့ ငါးနီတူခြောက်သုပ် သုပ်နည်းလေးကိုဝေမျှပေးချင်ပါတယ်။ အသုပ်ချည်းစားရင်လည်း ခံတွင်းတွေ့လှသလို ထမင်းလေးနဲ့တွဲစားမယ်ဆိုရင်လည်း ထမင်းမြိန်မှမြိန်ပဲ။ သုပ်နည်းလေးကလည်း တကယ်လွယ်တာနော်။

ငါးနီတူခြောက်ရခိုင်သုပ်ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့ –

  • -ငါးနီတူခြောက်(၅)ကျပ်သား
  • -မျှင်ငပိ ထမင်းစားဇွန်းတဝက်ခန့်
  • -ငရုတ်သီးစိမ်း (၅)တောင့်
  • -သံပုရာသီး(၁)လုံး
  • -နံနံပင် (၃)ချောင်း
  • -ကြက်သွန်နီ(၂)လုံး
  • -အချိုမှုန့်အနည်းငယ်
  • -မြေပဲ

ပြုလုပ်ပုံကတော့-

၁-ငါးနီတူခြောက်ကို ခေါင်းဖြုတ်သန့်စင်ပေးပြီး ဒယ်အိုးတစ်လုံးထဲမှာ ခြောက်ခြောက်လေးနဲ့ကြွပ်ကြွပ်လေးဖြစ်သွားအောင် ထည့်လှော်ပေးပါ။

၂-ငါးပိကိုလည်း ယောင်းမပြားလေးပေါ်တင်ပြီး မီးအနည်းပေးကာကင်ပေးပါ။

၃-ငရုတ်သီးစိမ်းကိုလည်းအညှာခြွေရေဆေးပြီး ဒယ်အိုးပူပူလေးထဲမှာ ခြောက်အောင်ထည့်လှော်ပြီး ငရုတ်ဆုံထဲမှာထည့်ထောင်းထားပါ။

၄-ကြက်သွန်နီကို ပါးပါးလှီးပြီး နံနံပင်ကိုလည်းလှီးပေးထားပါ။

၅-ထည့်သုပ်လို့ကောင်းမယ့်ဇလုံလေးတစ်ခုထဲမှာ ငါးနီတူခြောက်လေးတွေ ၊ ကြက်သွန်နီ ၊ ငါးပိကင် ၊ ငရုတ်သီးစိမ်းထောင်း ၊ နံနံပင် ၊ မြေပဲ ၊အချိုမှုန့် ၊ သံပုရာသီးညှစ်ထည့်ပြီး နယ်ပေးပါ။ အချိုအငံအချဉ်ကိုစိတ်ကြိုက်ပြင်လို့ရပါတယ်။ ဒါဆိုရင်တော့ အရသာအရမ်းကောင်းတဲ့ချဉ်ချဉ်စပ်စပ် ငါးနီတူရခိုင်သုပ်လေးကို ရရှိပါပြီနော်။

Leave A Comment

Your email address will not be published. Required fields are marked *