အနံ့မွှေးမွှေးလေးနဲ့အရသာထူးခြားတဲ့ ဝက်သားကြက်သွန်ဖြူကြော်လုပ်နည်း

ဝက်သားကိုအမျိုးမျိုးအဖုံဖုံလုပ်စားနေကြတဲ့ကြားကနေ အနံ့အရသာပိုထူးခြားတဲ့ ဝက်သားကြက်သွန်ဖြူကြော်လုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။ အသားအရသာပိုလေးနက်သွားသလို အနံ့လေးကလည်း မွှေးမွှေးလေးမို့ ရှယ်တွေအရသာတွေ့သွားမှာ အသေအချာပါပဲ။ နည်းလမ်းလေးကလည်း မီးဖိုချောင်မှာအသင့်ရှိပြီးသားအမယ်တွေနဲ့မို့ လွယ်လင့်တကူပြုလုပ်နိုင်မှာပါ။

ဝက်သားကြက်သွန်ဖြူကြော်ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့-

  • -ဝက်ဂုတ်သား(၃၀)ကျပ်သား
  • -ကြက်သွန်ဖြူ(၅)မွှာ
  • -ချင်းလက်နှစ်ဆစ်ခန့်
  • -ပျားရည်ထမင်းစားဇွန်း(၁)ဇွန်း
  • -ငရုတ်ကောင်း
  • -ကြက်သားမှုန့်
  • -ဗနီကာ ထမင်းစားဇွန်း(၁)ဇွန်း
  • -ခရုဆီ ထမင်းစားဇွန်း(၁)ဇွန်း
  • -ငံပြာရည် ထမင်းစားဇွန်း(၁)ဇွန်း
  • ပြုလုပ်ပုံကတော့-

၁-ဝက်သားကို ဆားအနည်းငယ်နဲ့ပွတ်ဆေးပြီး ပါးပါးလေးနဲ့အနေတော်အရွယ်လေးတွေတုံးပေးပါ။

၂-ကြက်သွန်ဖြူကိုထောင်းပါ။ ချင်းကိုထောင်းပြီးအရည်ညှစ်ထားပါ။

၃-ဝက်သားကို အိုးတစ်လုံးထဲထည့်ပြီး ကြက်သားမှုန့် ၊ ခရုဆီ ၊ ငရုတ်ကောင်း ၊ ဗနီကာ ၊ ငံပြာရည် ၊ ပျားရည် ၊ ချင်းရည် ၊ ကြက်သွန်ဖြူထောင်း တို့နဲ့ အသားထဲစိမ့်ဝင်အောင်နယ်ပေးပါ။

၄-ရေခဲသေတ္တာရဲ့မခဲတဲ့ အကန့်ထဲမှာ အသားနှပ်ထားတဲ့အိုးကိုထည့်ပြီး (၁)နာရီလောက်ထပ်နှပ်ထားပါ။

၅-(၁)နာရီပြည့်သွားရင်တော့ ဆီပွက်ပွက်ဆူအောင်တည်ထားတဲ့ဒယ်အိုးထဲမှာ ထည့်ကြော်ပေးပါ။ အသားအရောင်အနီဘက်သန်းသွားပြီဆိုရင်တော့ ဆယ်ယူထားလို့ရပါပြီ။

ဒီလိုလွယ်လွယ်ကူကူလေးလုပ်ဆောင်ရပေမယ့် အရသာကတော့ လုံးဝအံ့မခန်းပါပဲဆိုတာ လက်တွေ့ကြော်စားကြည့်မှသိမှာနော်။

Leave A Comment

Your email address will not be published. Required fields are marked *