ပုဇွန်ပေါများချိန်မှာ ချဉ်ချဉ်စပ်စပ်ပုဇွန်အစိမ်းသုပ်လေး လုပ်စားကြရအောင်

မိုးအေးအေးရာသီလေးမှာ ရေဖွေးဖွေးလေးနဲ့မို့ ပုဇွန်တွေပေါတဲ့ကာလလည်းဖြစ်ပါတယ်။ ဒီကာလဟာ ပုဇွန်ပေါသလို လတ်လတ်ဆတ်ဆတ်ရနိုင်တဲ့ကာလလည်းဖြစ်ပါတယ်။ ဒီလိုအချိန်လေးဟာ အစားတစ်လိုင်းတို့အတွက် ပုဇွန်ကိုထွေထူးဆန်းပြားစွာနဲ့ ပုံစံအမျိုးမျိုးလုပ်စားလို့ကောင်းတဲ့ သမယလေးမို့ ပုဇွန်အစိမ်းသုပ်လုပ်နည်းလေးအကြောင်း ဖောက်သည်ချပေးမယ်နော်။ ပုဇွန်အစိမ်းဆိုတချို့ကညှီနံ့ကို ကြောက်တတ်ကြတာမို့ ရှာလကာရည်လေးနဲ့ ပုဇွန်အနံ့ပျောက်အောင်လုပ်ပြီး အရသာရှယ်ဂွတ်တဲ့ ပုဇွန်အစိမ်းသုပ်လုပ်နည်းလေးကို ပြောပြပေးသွားမှာပါ။

ပုဇွန်အစိမ်းသုပ်ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့-

  • -ပုဇွန်(၂၅)ကျပ်သား
  • -ပင်စိမ်း(၁)စီး
  • -ရှောက်ရွက်(၃)ရွက်
  • -သံပုရာသီး(၂)လုံး
  • -ငံပြာရည်
  • -ရှာလကာရည်
  • -ငရုတ်သီးစိမ်း (၅)တောင့်
  • -ကြက်သွန်ဖြူ(၅)မွှာ

ပြုလုပ်နည်းကတော့-

၁-ပုဇွန်ကိုခေါင်းလေးတွေခွာ အလည်ကအမဲကြောတွေထုတ်ပြီး သေချာစွာသန့်စင်ပေးပါ။ အလည်ကထပ်ခြမ်းခြမ်းပြီး အပြားလိုက်အနေအထားလုပ်ပေးပါ။

၂-သန့်စင်ပြီးသားပုဇွန်ကို ဇလုံတစ်ခုထဲမှာ ရှာလကာရည်နဲ့မြုပ်ရုံလောက် (၁)နာရီလောက်စိမ်ပေးပါ။

၃-ရှောက်ရွက် ၊ ပင်စိမ်း ၊ ငရုတ်သီးစိမ်း ၊ ကြက်သွန်ဖြူတွေကို ရောထောင်းပြီး ပန်းကန်လုံးတစ်ခုထဲမှာထည့်ပေးပါ။ အဲ့ဒီအထဲကို သံပုရာသီးညှစ်ထည့်ပြီး ငံပြာရည်ကိုအရသာလိုသလောက်ရောထည့်ပေးကာ အနှစ်ပြုလုပ်ပေးပါ။

၄-ပြီးရင်တော့ ပုဇွန်လေးတွေကိုဆယ်ပြီး ပန်းကန်တစ်ခုထဲမှာ စီထည့်ထားပါ။ အပေါ်ကနေ ထောင်းထားတဲ့အနှစ်ရည်တွေလောင်းချလိုက်ပါ။

ဒါဆိုရင်တော့ ချဉ်ချဉ်စပ်စပ်လေးနဲ့ရှယ်စားကောင်းတဲ့ ပုဇွန်အစိမ်းသုပ်လေးရရှိနိုင်ပါပြီနော်။

Leave A Comment

Your email address will not be published. Required fields are marked *