ငွေ(၈၀၀)ကျပ်ရှိရုံနဲ့ ထိုင်ဝမ်ခေါက်ဆွဲကောင်းကောင်းလေး စားနိုင်ပါပြီ

ထမင်းဟင်းတွေကိုမြိန်မြိန်ယှက်ယှက်စားနေရတာထက် ဂျုံနဲ့ပြုလုပ်ထားတဲ့ခေါက်ဆွဲတွေကို ပိုပြီးစုံမက်ပါတယ်ဆိုတဲ့ အစားတစ်လိုင်းတွေအတွက် ထိုင်ဝမ်ခေါက်ဆွဲကောင်းကောင်းရနိုင်မယ့်ဆိုင်လေးကို ညွှန်းပေးချင်ပါတယ်။ ဆိုင်နာမည်ကတော့ ” QQ ” ပါ။ ထမင်းအစားထိုးအနေနဲ့ ခေါက်ဆွဲကိုစားသုံးလာကြတဲ့ခေတ်ကြီးထဲမှာ ရှယ်တွေခံတွင်းတွေ့ဦးမယ့်ဆိုင်လေးပါ။ QQ မှာတော့ခေါက်ဆွဲကို စီးစီးပိုင်ပိုင်လေးနဲ့ အရသာနစ်နစ်လေးစားချင်ရင် အသုပ်ပုံစံစားလို့ရသလို အရည်ဖျော်ပြီးရွှတ်ရွှတ်ဖတ်ဖတ်လေး စားချင်တယ်ဆိုရင်လည်း အပြုတ်ပုံစံလေးနဲ့စားလို့ရပါတယ်။

ခေါက်ဆွဲသုပ်တွေမှာတော့ ကျကျန့်ဂျုံခေါက်ဆွဲသုပ် ၊ ထိုင်ဝမ်ဆီချက်ခေါက်ဆွဲသုပ် ၊ ချဉ်စပ်ဂျုံခေါက်ဆွဲသုပ်တွေရနိုင်သလို အရည်နဲ့ဆိုရင်တော့ အစပ်ဟင်းရည် ၊ ကြက်သားဟင်းရည် ၊ ချဉ်စပ်ဟင်းရည် ၊ ပင်လယ်စာဟင်းရည် ၊ ဝက်ရိုးပေါင်းဟင်းရည်တွေကို ရနိုင်မှာဖြစ်ပါတယ်။ ခေါက်ဆွဲအသုပ် ၊ အရည် သီးသန့်ပဲဆိုရင် (၈၀၀)ကျပ်ပဲပေးရမှာဆိုတော့ ဈေးနှုန်းကလည်းတန်မှတန်ပဲ။ အသားတွေအသားလုံးတွေမပါဘဲ ပလိန်းကြီးတောင် အတော်လေး စားလို့ကောင်းတယ်။ တစ်ပွဲမှာပါဝင်တဲ့ပမာဏကလည်း တစ်ယောက်ဗိုက်ဝနိုင်လောက်တဲ့ အနေအထားဆိုတော့ ဘတ်ဂျတ်ချွေတာပြီး (၁၀၀၀)ကျပ်လောက်နဲ့ စရိတ်ငြိမ်းချင်တဲ့သူတွေအတွက်လည်း တအားအဆင်ပြေတယ်။

ဂျုံခေါက်ဆွဲသားအိအိစက်စက်လေးက ဝါးလိုက်တိုင်းစီးစီးပိုင်ပိုင်လေးနဲ့ ခေါက်ဆွဲအရသာမှာတင် အပြတ်ဆွဲဆောင်နိုင်လွန်းတယ်။ ပလိန်းကြီးမစားချင်ဘူးဆိုရင်တော့ ကြက်သား ၊ ဝက်သား ၊ သုံးထပ်သား ၊ အမဲသား ၊ ပုဇွန်လုံး ၊ ပြည်ကြီးငါးလုံး ၊ ပိန်းဥအသားလုံး ၊ ငါးအသားလုံး ၊ အမဲသားလုံး ၊ ကြက်သားလုံး ၊ ရေပန်းအသားလုံး ၊ မှိုဝက်သားလုံးတွေလည်း ဈေးနှုန်းသက်သက်သာသာနဲ့မှာစားလို့ရသေးတယ်ရယ်။ ကော်ရည်ခေါက်ဆွဲဆိုရင်လည်း တစ်ပွဲ(၆၀၀)ကျပ်တည်းနဲ့ ကောင်းကောင်းစားလို့ရတယ်။ မုန့်ဟင်းခါးဆိုရင်လည်း (၄၀၀)ကျပ်တည်းရယ်။ ဈေးတန်တန်နဲ့ ကောင်းကောင်းစားနိုင်မယ့်ဆိုင်လိုက်ရှာနေရင်တော့ ထွေထွေထူးထူးပတ်ရှာမနေဘဲ QQ ဆိုင်ကိုသာတန်းသွားလိုက်တော့နော်။ ဆိုင်လိပ်စာကတော့- အမှတ်(၄၃) ၊ အသောကမှတ်တိုင် ၊ ကျားကွက်သစ်လမ်း ၊ တာမွေ(ရွှေကံ့ကော်လက်ဖက်ရည်ဆိုင်ဘေး)မှာဖြစ်ပါတယ်။

Leave A Comment

Your email address will not be published. Required fields are marked *