ရှူးရှူးရှဲရှဲနဲ့အခိုးပွင့်ထွက်သွားစေမယ့် မြေအိုးမြီးရှည်ချက်နည်း

ဒီလိုမိုးအေးအေးလေးထဲမှာ ရင်ထဲနွေးနွေးထွေးထွေးလေးဖြစ်သွားစေဖို့ ပူပူစပ်စပ်လေးနဲ့အပူငွေ့တိုက်ပေးဖို့တော့လိုမယ်နော်။ အပူငွေ့တထောင်းထောင်းထတဲ့ အစားအစာတွေအများကြီးရှိပေမယ့် မင်မင်ကတော့ မြေအိုးမြီးရှည်ချက်နည်းလေးကိုပြောပြပေးချင်တယ်။ အကုန်အကျလည်းနည်းပါးသလို ပါဝင်ပစ္စည်းတွေကလည်းလွယ်လင့်တကူလေးဆိုတော့ ချက်စားကြည့်ဖို့လွယ်ကူမယ်လို့ထင်ပါတယ်နော်။ ချဉ်ငံစပ်လိုသလိုထည့်ပြီး ရှူးရှူးရှဲရှဲနဲ့အခိုးပွင့်ထွက်သွားမှာတော့ လုံးဝအာမခံတယ်နော်။ ? ? မာလာအနှစ်နဲ့ချက်ရင်အရမ်းလွယ်ပေမယ့် မာလာအနှစ်ဝယ်ဖို့အချိန်အခါမပေးတဲ့သူတွေအတွက် Home-made နည်းနဲ့ချက်နည်းလေးပြောပြပေးမယ်နော်။

မြေအိုးမြီးရှည်ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့-

  • -ကြက်သား/ဝက်သား
  • -မြီးရှည်ဖတ်
  • -မာလာခေါက်ဆွဲဖတ်
  • -မြေပဲဆံ
  • -ကျောက်ပွင့်
  • -ငါးဖယ်လုံး
  • -ရွှေပဲသီး
  • -ပန်းဂေါ်ဖီ
  • -ပဲငါးပိ
  • -ငရုတ်သီးအတောင့်
  • -ပဲလိပ်
  • -ကန်စွန်းရွက်
  • -ငုံးဥ

ပြုလုပ်ပုံကတော့ –

၁-မြီးရှည်ဖတ်နဲ့ မာလာဖတ်တွေကို (၁)နာရီလောက်ကြိုရေစိမ်ထားပါ။ ငုံဥပြုတ်ပြီးအသင့်ခွာထားပါ။

၂- ပဲလိပ် ၊ ကျောက်ပွင့် ၊ ကန်စွန်းရွက် ၊ ရွှေပဲသီး ၊ ပန်းဂေါ်ဖီတို့ကို အနေတော်အရွယ်လေးတွေလှီးပြီး ရေစိမ်ထားပါ။ မြေပဲဆံကိုလည်း မညက်တညက်ထောင်းထားပါ။

၃-ကြက်သား/ဝက်သားကို အတုံးသေးသေးလေးတွေတုံးပြီး ဆား ၊ ငါးမှုန့်/ကြက်သားမှုန့် ၊ ဂျင်းထောင်းအနည်းငယ်ထည့်ပြီး ပြုတ်ပေးပါ။

၄-ပဲငပိကို ကျေအောင်ချေပေးပြီး ငရုတ်သီးကိုအကြမ်းဖတ်လေးတွေရအောင် ထောင်းပေးပါ။

၅-အသားအိုးပွက်ပွက်ဆူနေတဲ့အထဲကို ပဲငပိနဲ့ငရုတ်သီးအကြမ်းဖတ်ထည့်ပြီး ချိုငံစပ်အရသာကို လိုသလိုပြင်ပေးပါ။

၆-ငါးဖယ်လှီးထည့် ၊ ကျောက်ပွင့် ၊ ရွှေပဲသီး ၊ ပန်းဂေါ်ဖီနဲ့ မြေပဲဆံထောင်းရောထည့် ၊ မြီးရှည်နဲ့မာလာဖတ်တွေရောထည့်ပြီး အဖတ်တွေနူးသွားရင်တော့ မီးပိတ်ပြီး ကန်စွန်းရွက်နဲ့ ငုံးဥပြုတ်ထည့်လိုက်ပါ။

ဒါဆိုရင်တော့ ရှူးရှူးရှဲရှဲနဲ့အခိုးပွင့်ထွက်သွားစေမယ့် မြေအိုးမြီးရှည်လေးကိုစားသုံးလို့ရပါပြီနော်။

 

 

 

Leave A Comment

Your email address will not be published. Required fields are marked *