ဆိမ့်ဆိမ့်အိအိလေးနဲ့ အရသာတွေ့သွားစေမယ့် အာလူးပဲပင်ပေါက်သုပ်နည်း

အသားငါးဟင်းတွေပဲ နေ့တိုင်းချက်စားနေရလို့ရိုးအီနေပြီလား အစားတစ်လိုင်းတို့ရေ ။ တစ်ခါတစ်လေတော့လည်း အသုပ်လေးတွေသုပ်ပြီး ထမင်းနဲ့တွဲစားရတာ မထင်မှတ်ထားလောက်အောင် ခံတွင်းတွေ့တတ်တယ်နော်။ ထမင်းနဲ့တွဲစားလို့ကောင်းတဲ့ အသုပ်လေးတွေထဲကနေ ဒီတစ်ခါမှာတော့ အာလူးပဲပင်ပေါက်သုပ်နည်းလေးကို Foodies Navi ကနေဝေမျှပေးချင်ပါတယ်နော်။

အာလူးပဲပင်ပေါက်ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့-

  • -ပဲပင်ပေါက် (၁၀)သား
  • -အာလူး (၁၅)ကျပ်သား
  • -ငရုတ်သီးစိမ်း (၅)တောင့်
  • -ရှောက်ရွက် (၃)ရွက်
  • -ကြက်သွန်နီ(၄)လုံး
  • -ကြက်သွန်ဖြူ(၃)မွှာ
  • -ပုဇွန်ခြောက်မှုန့် ထမင်းစားဇွန်း(၂)ဇွန်း
  • -ပဲအကျက်မှုန့် ထမင်းစားဇွန်း(၁)ဇွန်း
  • -ကြက်သားမှုန့် လက်ဖက်စားဇွန်း(၁)ဇွန်း
  • -ငံပြာရည် ထမင်းစားဇွန်း(၁)ဇွန်း

ပြုလုပ်ပုံကတော့ ကြက်သွန်နီ(၂)လုံးနဲ့ကြက်သွန်ဖြူတွေကို ပါးပါးလှီးပြီးဆီမွှေးသပ်ပေးပါ။ အာလူးတွေကိုနူးအိတဲ့အထိပြုတ်ပြီး အခွံခွာကာပါးပါးလေးတွေလှီးထားပါ။ ကြက်သွန်နီ(၂)လုံးနဲ့ ရှောက်ရွက် ၊ ငရုတ်သီးစိမ်းတွေကိုလည်း ပါးပါးလေးတွေလှီးထားပါ။ ပဲပင်ပေါက်ကိုရေစင်အောင်ဆေးပြီး ဒယ်အိုးပူပူထဲမှာခြောက်သွားအောင် ထည့်လှော်ပေးပါ။ လှော်ပြီးသားပဲပင်ပေါက်တွေကို နယ်လို့ကောင်းမယ့်ဇလုံတစ်ခုထဲကိုထည့်ပါ ။ အဲ့ဒီဇလုံထဲကို ပါးပါးလှီးထားတဲ့အာလူး ၊ ကြက်သွန်နီ ၊ ငရုတ်သီးစိမ်း ၊ ရှောက်ရွက် ၊ ပဲမှုန့် ၊ ပုဇွန်ခြောက်မှုန့် ၊ ကြက်သားမှုန့် ၊ ငံပြာရည် ၊ ဆီချက်တွေကိုရောထည့်ပြီး သမအောင်ရောမွှေပြီး လိုအပ်သလိုအရသာပြင်ပြီးရင်တော့ ရှဘ်ခံတွင်းတွေ့စေမယ့် အာလူးပဲပင်ပေါက်သုပ်လေးရရှိပါပြီနော်။

 

Leave A Comment

Your email address will not be published. Required fields are marked *