ဝက်သားရဲ့အနှစ်အရသာတွေစိမ့်ဝင်နေတဲ့ ဝက်သားကောက်ညှင်းလုပ်နည်း

တရုတ်ရိုးရာအထိမ်းအမှတ်နေ့တွေမှာစားလေ့ရှိတဲ့ ဝက်သားကောက်ညှင်းဆို မကြိုက်သူခပ်ရှားရှားရယ်။ ကောက်ညှင်းသားအိအိလေးတွေကြားထဲမှာ ဝက်သားရဲ့အနှစ်အရသာတွေစိမ့်ဝင်နေတော့ ကောက်ညှင်းသားကြီးပဲစားရင်တောင် အရမ်းအရသာရှိတဲ့ အစားအစာဖြစ်သလို ဗိုက်ပြည့်တင်းစေလို့ ထမင်းအစားထိုးအနေနဲ့စားသုံးလို့ကောင်းတဲ့ စားစရာလေးပါ။ ဝက်သားကောက်ညှင်းကို ရောင်းချတဲ့ဆိုင်တွေတော်တော်များများရှိပေမယ့် မင်မင်ကတော့ အသားအနည်းအများစိတ်ကြိုက်မတွေ့တာနဲ့ ၊ ကောက်ညှင်းသားသိပ်မအိတာတွေကြောင့် အိမ်မှာပဲလုပ်စားဖြစ်တယ်ရယ်။ အထွေအထူးပစ္စည်းတွေမလိုအပ်ဘဲ ထမင်းချက်နေကျ ပေါင်းအိုးလေးကိုသုံးပြီး လွယ်လင့်တကူချက်ပြုတ်နိုင်မှာမို့ အစားတစ်လိုင်းတို့လည်း စိတ်ဝင်စားကြလိမ့်မယ် ထင်ပါတယ်နော်။၊

ဝက်သားကောက်ညှင်းပြုလုပ်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့-

  • -ဝက်သား(လိုသလောက် အဆီအသားမျှထည့်ပါ)
  • -ကောက်ညှင်း(နို့ဆီဗူး(၁)လုံး)
  • -တရုတ်မဆလာအနည်းငယ်
  • -ကြက်သားမှုန့်အနည်းငယ်
  • -ပဲငံပြာရည်အကြည်/အနောက်(အနည်းငယ်)
  • -ငရုတ်ကောင်းအနည်းငယ်
  • -ပုဇွန်ခြောက်(လိုသလောက်ထည့်ပါ)
  • -ကြက်ဥ
  • -ကြက်သွန်ဖြူ/နီ

ပြုလုပ်ပုံကတော့-

၁-ကြက်ဥတစ်လုံးကို ပြုတ်ထားပြီး ကြက်သွန်ဖြူ/နီခွာထားပါ။

၂-ကြက်သွန်နီကို လေးစိတ်စိပ်ပြီး ကြက်သွန်ဖြူကိုပါးပါးလှီးထားပါ။

၃-ဝက်သားကို အလွှာလိုက်လေးတွေလှီးပြီး ပဲငံပြာရည်အကြည်အနည်းငယ် ၊ ဆားအနည်းငယ် ၊ တရုတ်မဆလာအနည်းငယ်နဲ့ ရောနယ်ပေးထားပါ။

၄-ကောက်ညှင်းဆန်ကိုရေဆေးပြီး ပေါင်းအိုးထဲမှာထည့်ပါ။ ရေနို့ဆီဗူး(၁)လုံးခွဲထည့်ပါ။

၅-ပုဇွန်ခြောက် ၊ ကြက်သွန်ဖြူ/နီ ၊ ကြက်သားမှုန့် ၊ ငရုတ်ကောင်း ၊ ပဲငံပြာရည်အကြည်/အနောက် အနည်းငယ် ၊ ကြက်ဥ(ခွာပြီးသား) ၊ ဝက်သားနယ်ပြီးသားတွေရောထည့်ပြီး ထမင်းချက်တဲ့အတိုင်း ပေါင်းအိုးခလုတ်နှိပ်ထားပါ။

၆-ထမင်းပေါင်းအိုးတက်သွားပြီဆိုရင်တော့ အနံ့အရသာပြည့်စုံပြီး အရသာကောင်းမွန်တဲ့ ဝက်သားကောက်ညှင်းထုပ်အိအိလေးရရှိပါပြီနော်။

Leave A Comment

Your email address will not be published. Required fields are marked *