ချိုချိုချဉ်ချဉ်ဟင်းပွဲလေးတွေမြည်းစမ်းရင်း အရသာစိမ့်ထွက်မှုတွေကို တမြေ့မြေ့ခံစားရနိုင်မယ့် ပတ်ထိုင်း

နွေနေပူပူမှာ အလုပ်ကိစ္စကြောင့်ပဲဖြစ်ဖြစ် ၊ ဘော်ဒါတွေစုံကြဖို့အတွက်ပဲဖြစ်ဖြစ် ၊ ချစ်သူတွေ Date ကြရင်ပဲဖြစ်ဖြစ် အေးအေးလူလူနားနေနိုင်ဖို့ဆိုရင် စားသောက်ဆိုင်တွေကိုပဲရွေးချယ်လာကြပါတယ်။ အစားအသောက် အကြိုက်ချင်းတွေမတူဘဲ ညှိနှိုင်းနေရတယ်ဆိုရင်တော့ လူမျိုးဘာသာမရွေးစားသုံးနိုင်ပြီး ထိုင်းအစားအစာ ၊ တရုတ်အစားအစာနဲ့ ဟော့ပေါ့ပါရနိုင်တဲ့ ပတ်ထိုင်းဆိုတဲ့ဆိုင်လေးကို ညွှန်ပေးချင်ပါတယ်။

ပတ်ထိုင်းမှာတော့ ခမ်းနားသပ်ရပ်တဲ့ Decoration ၊  သန့်ရှင်းသေသပ်တဲ့ ခင်းကျင်းမှုတွေနဲ့အတူ အဲကွန်းလေစိမ့်စိမ့်လေးနဲ့ ပူအိုက်မှုကင်းဝေးစွာအေးဆေး အနားယူသုံးဆောင်နိုင်မှာဖြစ်ပါတယ်။ ပတ်ထိုင်းစားသောက်ဆိုင်ရဲ့ လူကြိုက်အများဆုံးနဲ့ ရောင်းအားအကောင်းဆုံး ဟင်းလျာတွေကတော့ ကကတစ်ငါးကို Deep Fried ကြော်ထားတာကြောင့် မကြွပ်မရွလေးနဲ့ကကတစ်ငါးရဲ့ ချိုမြတဲ့အရသာထူးကိုခံစားရပြီး ထိုင်းဆော့ချိုချဉ်စပ်အရသာလေးနဲ့ပါ တွဲဖက်စားသုံးနိုင်မယ့် ထိုင်းကကတစ်ငါးချိုချဉ်စပ် ၊ အမဲသားလွှာလေးတွေကို အပြားလိုက်လေးတွေကြော်ထားပြီး ငရုတ်သီးစိမ်း သံပုရာသီး သခွားသီးလေးတွေနဲ့ ချဉ်ချဉ်စပ်စပ်သုပ်ထားတာကြောင့် အမဲအသားလွှာရဲ့ ထူးခြားတဲ့အရသာပြောင်းလဲမှုတွေ ခံစားရရှိနိုင်မယ့် အမဲသားပြားကြော်သုပ် ၊ သီဟိုစေ့ရဲ့ဆိမ့်သက်တဲ့အရသာကို ကြက်သားမွမွလေးတွေ ၊ အရွက်အသီးလေးတွေနဲ့အတူ ချိုချဉ်အရသာလေးချက်ပြုတ်ထားတဲ့ ကြက်သီဟို ၊ ထိုင်းပင်စိမ်းနံ့သင်းသင်းလေးတွေက ကြက်သားချိုချိုလေးတွေကြားထဲမှာပါ စိမ့်ဝင်နေပြီး အရသာချိုချိုလေးခံစားရရှိနိုင်မယ့် ထိုင်းစတိုင်ကြက်ပင်စိမ်း ၊ အသားတစ်မျှင်ချင်းစီကနေ အရသာစိမ့်ထွက်လာသလားထင်မှတ်ရအောင် အကင်နံ့မွှေးမွှေးလေးနဲ့ စားလို့ရှယ်ကောင်းတဲ့ ပတ်ထိုင်းရဲ့နာမည်အကြီးဆုံး ဘဲကင်အပြင် တခြားတမူထူးခြားအရသာတွေခံစားနိုင်တဲ့ ဟင်းလျာအစုံအလင်ကို ရရှိနိုင်ဦးမှာဖြစ်ပါတယ်။

တစ်ပွဲချင်းစီမှာယူစားသုံးရင် စျေးသင့်တင့်သလို Set Menu တွေနဲ့မှာစားမယ်ဆိုရင်လည်း ရှယ်တန်ပြီးဗိုက်ကားအောင်စားနိုင်မှာပါ ။ ပတ်ထိုင်းဆိုင်ရဲ့လိပ်စာတွေကတော့ အမှတ်(၃၃/၃၅) ၊ ကန်တော်လေး ၊ မြရာကုန်းလမ်း ၊ မင်္ဂလာတောင်ညွန့်မြို့နယ်နဲ့ အမှတ်(၇၆) ၊ ဒေါ်သိန်းတင်လမ်း ၊ မင်္ဂလာတောင်ညွန့်မြို့နယ်တို့ဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက်(၁၀)နာရီခွဲကနေ ည(၉)နာရီခွဲထိပဲဖြစ်ပါတယ်။

 

Image Source: www.facebook.com/padthai

 

Leave A Comment

Your email address will not be published. Required fields are marked *