ဝါတွင်းကာလသက်သက်လွတ်စားတဲ့အစားတစ်လိုင်းတို့အတွက် ဟင်းလျာတွေရိုးအီမသွားစေဖို့……

ဗုဒ္ဓဘာသာဝင်တွေအထွတ်အမြတ်ထားတဲ့ ဝါတွင်းသုံးလကာလကို ရောက်ရှိလာပြီဆိုတော့ ဒီကာလအတွင်းမှာ သက်သက်လွတ်စားပြီး ကုသိုလ်ယူကြမယ့်အစားတစ်လိုင်းတို့အတွက် (၃)လုံးအတွင်း ဟင်းလျာတွေထပ်ပြီးရိုးအီမသွားရလေအောင် မင်မင်ကနေ သက်သက်လွတ်ချက်ပြုတ်နိုင်မယ့် ဟင်းလျာအမျိုးအမည်စုံစုံလင်လင်ကို ပြောပြပေးမယ်နော်။ ရံဖန်ရံခါသက်သက်လွတ်စားမယ့်လူတွေအတွက်လည်း အကြံဉာဏ်ကောင်းလေးရနိုင်တာပေါ့နော်။

ဂျပန်တို့ဟူးကုန်းဘောင်ကြော်- ဂျပန်တို့ဟူးကိုအကွင်းလေးတွေလှီးပြီး မုန်လာဥနီ ၊ ပဲသီးတွေနဲ့ရောပြီး ကော်ရည်လေးပါထည့်ကြော်ထားတဲ့ဟင်းလျာလေးပါ။

အစိမ်းကြော် – ခရမ်းချဉ်သီး ၊ ပန်းဂေါ်ဖီစိမ်း ၊ မှို ၊ မုန်လာဥနီတွေရောကြော်ထားတာမို့ လတ်လတ်ဆတ်ဆတ်အသီးအရွက်အရသာတွေ အပြည့်အဝခံစားရမယ့်ဟင်းလျာလေးပါ။

ပဲပြုတ်မျှစ်ကြော် – ရှေးကတည်းကမြန်မာတွေအကြိုက်တွေ့ပြီးသား ဟင်းလျာလေးဖြစ်သလို လွယ်ကူလျင်မြန်စွာချက်ပြုတ်လို့ရပါတယ်။

ရုံးပတီသီးကြော်- ကြက်သွန်နီကိုအရင်ဆီမွှေးသတ်ပြီးကြော်မယ်ဆိုရင် ပိုမွှေးပြီးပိုစားလို့ကောင်းစေတဲ့ဟင်းလျာလေးပါ။

မှိုကန်စွန်းကြော်- သက်သက်လွတ်ဟင်းလျာဆိုတာနဲ့ တန်းမြင်တတ်ကြတဲ့ဟင်းလျာလေးပါ။ ကော်ရည်လေးပါဆမ်းကြော်ရင် ပိုလို့တောင်စားကောင်းသေး။

ကန်စွန်းရွက်သုပ်- အသုပ်လေးတွေမှကြိုက်တယ်ဆိုရင်တော့ စိမ်းစိမ်းစိုစိုကန်စွန်းရွက်လေးသာသုပ်စားလိုက် မထင်ထားလောက်အောင် ထမင်းမြိန်စေမှာအသေအချာပဲ။

သခွားသီးသုပ်- မာတင်းတဲ့သခွားသီးကို ခြစ်ထိုးပြီးသုပ်ရင်ပိုကောင်းတယ်။ မဟုတ်ရင်သခွားသီးအရည်တွေထွက်တော့ သုပ်တဲ့အခါမှာ အရသာသိပ်မဝင်ဘူး။

မြင်းခွာရွက်သုပ်- ဒီအသုပ်လေးကတော့ မျက်စိအားကောင်းစေဖို့ တမင်တကာတောင်သုပ်စားရတဲ့အသုပ်လေးမို့ သုပ်စားဖို့အကောင်းဆုံးဟင်းလျာလေးပါနော်။

ပြောင်းဖူးကြော်- ချိုချိုဆိမ့်ဆိမ့်လေးမို့ ဆားပြားမပါဘဲဆီနဲ့ကြော်ရင်တောင် အရသာရှိနေတဲ့ဟင်းလျာလေးပါ။

ခရမ်းချဉ်သီးသုပ်- သက်သက်လွတ်စားရင်း အသားအရေလှပချင်ရင်တော့ ခရမ်းချဉ်သီးလေးသာသုပ်စားလိုက်။

ပဲကြီးနှပ်- အိအိဆိမ့်ဆိမ့်လေးနဲ့မို့ လျှာပေါ်ငြိမ့်ငြိမ့်လေးအရသာကျန်ခဲ့စေပြီး အာဟာရပြည့်ဝစေနိုင်တဲ့ ဟင်းလျာလေးပါ။

ပြောင်းဖူးကပ်ကြော်- ပြောင်ဖူးချည်းမကြော်စားချင်ဘူးဆိုရင် အကြော်မှုန့်လေးနဲ့ပြောင်းဖူးလေးတွေကပ်ပြီးကြော်ပစ်လိုက်။ အဆိမ့်အချိုနှစ်ဆတိုးတဲ့အရသာခံစားရမှာ အသေအချာပဲ။

ပဲပင်ပေါက် ပဲပြားကြော်- တကယ့်ကိုလိုက်ဖက်လှတဲ့ အတွဲအစပ်လေးမို့ ပဲပင်ပေါက်နဲ့ပဲပြားတောင်အြမဲတွဲရောင်းတတ်တာ လက်တွေ့သက်သေပါပဲနော်။

မန်ကျည်းရွက်သုပ်- မန်ကျည်းရွက်နုနုလေးကို ရေနွေးဖျောပြီး ကြက်သွန်စိမ်းလေးနဲ့သုပ်စားရင် အစပ်အဟပ်တည့်ပြီးခံတွင်းလိုက်မှာ အမှန်ပဲ။

မှိုကန်စွန်းချဉ်စပ်ကြော်- ကန်စွန်းနဲ့မှိုကို အချိုကြီးကြော်မစားချင်ဘူးဆိုရင် ငရုတ်သီးစိမ်းလေးဓားဖိပြီး ချဉ်စပ်လေးကြော်စားရင်လည်း လျှာလည်မှာအသေအချာပဲ။

ဘူးညွန့်ကြော်ချက်- အချိုချက်လေးဆိုတော့ စိုစိုဖတ်ဖတ်လေးနဲ့ ကလေးလူကြီးမရွေးအကြိုက်တွေ့မှာ အသေအချာပဲ။ အမျှင်ဓာတ်တွေလည်းပါဝင်တော့ ကျန်းမာရေးအတွက်လည်းအထောက်အကူပြုနိုင်မယ့် ဟင်းလျာလေးပါနော်။

တို့ဟူးကြော်/တို့ဟူးသုပ်- တို့ဟူးဆိုတာကတော့ သက်သက်လွတ်စားတဲ့အခါတိုင်း မပါမဖြစ်တဲ့အစားအစာလေးပါပဲ။ ပူပူနွေးနွေးကြော်စားရင်ကောင်းသလို ရှောက်ရွက်၊ သခွားသီးလေးတွေနဲ့ရောပြီးသုပ်စားမယ်ဆိုရင်လည်း အိအိဆိမ့်ဆိမ့်အရသာလေးမို့ သက်သက်လွတ်သမားတွေအတွက် တကယ်အရသာရှိတဲ့ဟင်းလျာလေးပါ။

ပဲပြားချဉ်စပ်- ပုံမှန်ချက်စားနေကျဟင်းတစ်ခွက်ဖြစ်ပေမယ့် သက်သက်လွတ်စားတဲ့အခါမှာလည်း အနှစ်ပြည့်ပြည့်ဝဝလေးမို့ အသားဟင်းစားနေရသလို အရသာရှိနေမယ့်ဟင်းလျာလေးပါ။

ပဲပုပ်ကြော်- ရှမ်းရိုးရာအစားအစာလေးဖြစ်သလို ကြော်ပြီးပဲစားစား ၊ ကင်ပြီးပဲစားစား အရသာထွက်နေစေတဲ့ ဟင်းလျာလေးပါ။ ထမင်းပူပူလေးကို ပဲဆီမွှေးမွှေးလေးဆမ်းပြီး ပဲပုပ်ကြော်လေးနဲ့တွဲဖက်စားမယ်ဆိုရင်တော့ တစ်မျိုးတည်းနဲ့ထမင်းမြိန်စေမှာ သေချာတယ်။

အာလူးကြော်မိယောနိစ်- အာလူးချောင်းကို အစပ်လေးကြော် ၊ မိယောနိစ်လေးနဲ့တို့စားမယ်ဆိုရင်တော့ ထမင်းမပါဘဲတောင် ဖိုင်းနေစေမယ့်ဟင်းလျာလေးဖြစ်မှာပါ။

ကဲ…သက်သက်လွတ်ဟင်းလျာတွေတော်တော်များများလည်း သိသွားပြီဆိုတော့ သက်သက်လွတ်စားဖို့သာပြင်ထားလိုက်တော့နော်။

 

Leave A Comment

Your email address will not be published. Required fields are marked *