အသားငါးမပါဘဲ ဟင်းတစ်ခွက်တည်းနဲ့ ထမင်းမြိန်စေမယ့် အပ်မှိုချဉ်စပ်ပေါင်း

တစ်နေ့တစ်နေ့ အသားငါးတွေချည်း ချက်ပြုတ်နေရလို့ ဘာဟင်းချက်စားရမလဲဆိုပြီး အကြံအိုက်နေရတဲ့ အိမ်ရှင်မတို့အတွက် အသားငါးတွေထည့်မချက်ဘဲ တစ်မျိုးတည်းနဲ့ထမင်းမြိန်သလို ဈေးသက်သာစွာနဲ့ဟင်းကောင်းကောင်းလေး သုံးဆောင်နိုင်စေဖို့အတွက် ” အပ်မှိုချဉ်ငံစပ်ပေါင်း ” လေးလုပ်စားကြည့်ဖို့အတွက် အကြံကောင်းလေးပေးချင်ပါတယ်။ အပ်မှိုတစ်ထုပ်ရှိရုံနဲ့ မီးဖိုချောင်မှာအသင့်ရှိပြီး အဆာပလာလေးတွေနဲ့ ရှယ်ဂွတ်တဲ့ ဟင်းတစ်ခွက်ကိုရရှိနိုင်မှာပါနော်။

အပ်မှိုချဉ်ငံစပ်ပေါင်း ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့-

  • -အပ်မှို (၁)ထုပ်
  • -ငရုတ်သီးစိမ်း (၅)တောင့်
  • -ချင်း လက်တစ်ဆစ်ခန့်
  • -ကြက်သွန်ဖြူ (၅)မွှာ
  • -နံနံပင် (၃)ပင်
  • -ပဲငံပြာရည် လက်ဖက်စားဇွန်း(၁)ဇွန်း
  • -ကြက်သွန်မြိတ် (၅)ချောင်း
  • -သကြား လက်ဖက်စားဇွန်း(၁)ဇွန်း
  • -ဗီနီကာ ထမင်းစားဇွန်း(၁)ဇွန်း
  • -သံပုရာသီး (၁)လုံး
  • -ဆား / ကြက်သားမှုန့်
  • -ငရုတ်ကောင်းမှုန့် လက်ဖက်စားဇွန်း(၁)ဇွန်း
  • -သကြား လက်ဖက်စားဇွန်း(၁)ဇွန်း

ပြုလုပ်ပုံကတော့-

(၁)-အပ်မှိုကိုရေဆေးပြီး အမြစ်လေးတွေလှီးဖြတ်ကာ ကြက်သားမှုန့် ၊ ငရုတ်ကောင်းမှုန့် ၊ သံပုရာသီးအနည်းငယ်နဲ့ အရသာနယ်ပြီးနှပ်ထားပေးပါ။

(၂)-ငရုတ်သီးစိမ်း ၊ နံနံပင် ၊ ကြက်သွန်ဖြူ ၊ ချင်းတွေကိုခပ်ပါးပါးလေးတွေလှီးပြီး ဗီနီကာ ၊ သကြား ၊ ပဲငံပြာရည် တို့နဲ့ရောနှောပြီး ခပ်ပျစ်ပျစ်လေးစပ်ပေးထားပါ။

(၃)-အက်မှိုလေးတွေကို (၁၂)ပင်တစ်စည်း ကြက်သွန်မြိတ်လေးနဲ့စည်းပြီး ပေါင်းအိုးထဲမှာ ထည့်ပေါင်းပါ။ ပေါင်းအိုးအဆင်မပြေရင် ဇကာတစ်ခုထဲထည့်ပြီး အောက်ကရေခံကာ ရေငွေ့နဲ့ပေါင်းပေးပါ။

(၄)-ပေါင်းပြီးနူးအိသွားတဲ့ အပ်မှိုပေါင်းလေးတွေကို ပန်းကန်တစ်ခုထဲထည့်ပြီး အပေါ်ကနေ ခုနကစပ်ထားတဲ့ ချဉ်ငံစပ်အရည်လေးကို လောင်းချလိုက်ပါ။

ဒါဆိုရင်တော့ အရမ်းအရသာရှိတဲ့ အပ်မှိုချဉ်စပ်ပေါင်းလေးကို ရရှိပြီနော်။

 

 

Leave A Comment

Your email address will not be published. Required fields are marked *