မြင်းခြံပလာတာအပါအဝင် နာမည်ကြီးရိုးရာအစားအစာတော်တော်များများရနိုင်တဲ့ Native Kitchen

မြင်းခြံပလာတာဆို မကြားဖူးတဲ့လူခပ်ရှားရှားဖြစ်သလို စားဖူးတဲ့လူတိုင်းကလည်း တမ်းတမ်းတတဖြစ်တတ်တဲ့အရသာမျိုးပါ။ ဒီလိုရှယ်စားကောင်းတဲ့ မြင်းခြံပလာတာကို မြင်းခြံကလက်ရာအတိုင်း ရန်ကုန်မှာနေပြီဆိုရင် ဘယ်နားမှာလဲလို့ သိချင်နေမယ့်အစားတစ်လိုင်းတို့အတွက် မြင်းခြံပလာတာရနိုင်မယ့်ဆိုင်လေးအကြောင်း ပြောပြပေးမယ်နော်။ ဆိုင်နာမည်လေးကတော့ ” Native Kitchen” ပါ။ ဆိုင်နာမည်လေးနဲ့လိုက်အောင် မြန်မာ့ရိုးရာလက်မှုပစ္စည်းလေးတွေနဲ့ နန်းစံစံလေးပြင်ဆင်ပေးထားတာမို့ ဝင်လိုက်တာနဲ့ထိုင်ချင်စရာလေး။ ဆိုင်က(၂)ထပ်ရှိတော့ ကျယ်ကျယ်ဝန်းဝန်းလေးနဲ့ ကြိုက်တဲ့နေရာရွေးထိုင်လို့ရတယ်။

လူကြိုက်များပြီးသား ဒေသတော်တော်များများက ရိုးရာအစားအစာလေးတွေရနိုင်တယ်။ မြိတ်ကတ်ကြေးလေးလည်း တော်တော်ကောင်းတယ်။ မြိတ်မှာစားရသလို ဆီသိပ်မသုံးဘဲ အိအိဖတ်ဖတ်လေးနဲ့တော်တော်စားလို့ကောင်းတယ်။ ကချင်ဟင်းလျာတွေထဲက လူကြိုက်အများဆုံးဖြစ်တဲ့ကြက်ကချင်ချက်လေးလည်း ဂွတ်ချက်ပဲ။ ရိုးရာဝက်အူချောင်း ၊ ငါးငပိကင် ၊ ဆိတ်ပုဆိုးကြမ်းသုပ်စတာတွေလည်းရနိုင်သေးတယ်။ ဈေးနှုန်းတွေကတော့ ၂၀၀၀ကျပ်လောက်ကနေ ၁သောင်းကျပ်လောက်ထိအစားစားပဲ။ ပွဲကြီးရင်ကြီးသလို အများကြီးပါတာမို့ ဈေးပိုများသွားလည်း ဘော်ဒါတွေပေါင်းစားမယ်ဆို တွက်ချေကိုက်တယ်။ နောက်ထပ်အစားတစ်လိုင်းတို့ကိုရင်ခုန်သွားစေမှာကတော့ (၁)ချောင်း(၂၀၀)နဲ့ ဝက်သားတုတ်ထိုးရနိုင်မှာပါ။ မီးဖိုပေါ်အိုးလေးတင်ပြီး ပူပူလောင်လောင်လေးစားရတော့ ပိုလို့မိုက်သေး။

VIP ဧည့်သည်တွေကိုလိုက်ကျွေးချင်လို့ပဲဖြစ်ဖြစ် Staff Party တွေသွားလုပ်မယ်ဆိုရင်လည်း အဆင်ပြေစေမယ့်နေရာလေးပါ။ မြို့ထဲမှာမဟုတ်တဲ့အတွက် ကားပါကင်ဘာညာလည်းသိပ်စိတ်ပူစရာမလိုဘူးရယ်။ ဆိုင်လိပ်စာလေးကတော့ အမှတ်(၉/A) ၊ ပေါ်ဆန်းမွှေးလမ်း ၊ The One Entertainment  Park အရှေ့ ၊ သုဝဏ္ဏ ၊ သင်္ဃန်းကျွန်းမြို့နယ်ဖြစ်ပါတယ်။

 

Image Source: www.facebook.com/nativekitchen

Leave A Comment

Your email address will not be published. Required fields are marked *