(၁)ထောင်ကျပ်တည်းနဲ့ ရှမ်းစာလေးတွေကိုဗိုက်အင့်နေအောင် စားရမယ့်ဘတ်ဂျတ်ဆိုင်လေး

ဘတ်ဂျတ်စားသောက်ဆိုင်တွေကိုမှ စိတ်ဝင်စားတယ်ဆိုရင်တော့ မင်မင်အခုညွှန်းပေးမယ့် ဆိုင်လေးကိုသာဒိုးလိုက်တော့။ ဘတ်ဂျတ်ဆိုင်လေးဖြစ်ပေမယ့် အရသာတန်ဖိုးကလုံးဝမနိမ့်ကျဘဲ တကယ့်ကိုအရသာကောင်းလှတဲ့ ကျိုင်းတုံအစားအစာလေးတွေကို အဝတီးနိုင်မယ့်ဆိုင်လေးပါ။ ဆိုင်နာမည်လေးက “နမ့်ဒေါင်(ဝ်)ခမ်း”ပါ။ ကျိုင်းတုံမှာနာမည်ကြီးတဲ့ အသားလုံးခေါက်ဆွဲတွေကို ကျိုင်းတုံမြို့ရဲ့လက်ရာအတိုင်း သုံးဆောင်နိုင်မယ့်ဆိုင်လေးပါ။ အမဲသားလုံး ၊ ကြက်သားလုံး ၊ ဝက်သားလုံးကြိုက်တဲ့အသားလုံးနဲ့စားလို့ရတယ်။ အသားလုံးတွေကလည်း အိအိထုတ်ထုတ်လေးနဲ့ အရသာရှိချက်ပဲ။ ခေါက်ဆွဲတစ်ပွဲဆိုလည်း ဗိုက်ထဲကိုအင့်ထွက်သွားတာပဲ။ (၁)ထောင်တည်းနဲ့ ဒီလိုစားလို့ရတယ်ဆိုတော့ ရန်ကုန်မြို့အနေအထားမြွေဖားနဲ့ တွက်ဆကြည့်ရင် အတော်လေးတန်လွန်းတယ်။

ကြက်ဥကင်လေးလည်းတော်တော်လေးအရသာဖိုင်းတယ်။ အရသာပေါ့ပေါ့ကြီးထွက်မနေဘဲ ငရုတ်ကောင်းနံ့သင်းသင်းလေးနဲ့ နုနုဖတ်ဖတ်လေးရယ်။ အထောင်းစာလေးတွေလည်း တော်တော်ကောင်းတယ်။ ပန်းသီးထောင်း ၊ သခွားသီးထောင်း ၊ သင်္ဘောသီးထောင်း ၊ မာမားခေါက်ဆွဲထောင်းစုံနေရောပဲ။ ထောင်းပေးတဲ့အသီးတွေကလတ်ဆတ်သလို အစာပလာထည့်ထားတာတွေကလည်း အစပ်အဟပ်တည့်တော့ တော်တော်ကြီးခံတွင်းတွေ့တယ်။ ရှမ်းခေါက်ဆွဲ ၊ ဆန်တို့ဟူး ၊ဟင်းထုပ် ၊ ဆန်ပြားကြော် ၊ ခေါက်ဆွဲကြော်တွေလည်းရနိုင်သေးတယ်။ အအီပြေအချိုတည်းမယ်ဆိုရင်တော့ သီးစုံဒိန်ချဉ်လေးသာမှာလိုက်။ ချဉ်ဆိမ့်ဆိမ့်လေးနဲ့တော်တော်လေးအအီပြေတယ်။

ဈေးနှုန်းတွေကလည်း (၅၀၀)ကျပ်လောက်ကစပြီး (၁၃၀၀)ကျပ်လောက်ထိပဲဆိုတော့ စိတ်ကြိုက်ဗိုက်ကားနေအောင်စားမှ (၅)ထောင်လောက်ကျမှာရယ်။ ဘတ်ဂျတ်ဆိုင်တွေထဲမှာတော့ တော်တော့ကိုဈေးတန်လို့ဆိုင်လေးပါပဲနော်။ ဆိုင်လိပ်စာကတော့ အမှတ်(၁၀-၁၂) ၊ ဇေယျာလမ်း(လှည်းတန်းတာလီရွှေဆိုင်ဘေးလမ်း) ၊ ကမာရွတ်မြို့နယ်ဖြစ်ပါတယ်။

 

Image Source : www.facebook.com/nandaokhan

Leave A Comment

Your email address will not be published. Required fields are marked *