ခံတွင်းနဲ့အစပ်အဟပ်တည့်ပြီး လျှာနဲ့ထိထိမိမိရှိလှတဲ့ နန်းပြားသုပ်ပြုလုပ်နည်း

ဓာတုဆိုးဆေးတွေနဲ့ အချိုမှုန့်တွေကို ပတ်ရှောင်နေရတဲ့ခေတ်ကာလကြီးထဲ ဆိုင်တွေမှာဝယ်စားရတာတွေဆိုရင် တော်တော်ကိုစိစစ်နေရတော့ အရမ်းခက်ခဲတဲ့စားစရာတွေမဟုတ်ရင် ကိုယ်တိုင်ကိုယ်ကျ လတ်လတ်ဆတ်ဆတ်လုပ်စားတာက ပိုပြီးစိတ်ချယုံကြည်ရပါတယ်။ အရမ်းကြီးပြုလုပ်ရမခက်ဘဲ လူတိုင်းနီးပါးပြုလုပ်နိုင်မယ့် အစားအသောက်ချက်ပြုတ်ပြင်ဆင်နည်းတွေကို တစ်ခုတစ်ခုနဲ့မထပ်ရလေအောင် အကြံကောင်းပေးနေရင်းကနေ ဒီတစ်ခါမှာတော့ မင်မင်ကနေ ” နန်းပြားသုပ်ပြုလုပ်နည်း”ကို လက်ဆင့်ကမ်းပေးချင်ပါတယ်နော်။ မြန်မာလူမျိုးတွေမြိန်မြိန်ယှက်ယှက် ကြိုက်နှစ်သက်စွာစားတတ်တဲ့ အစားအစာတစ်မျိုးဖြစ်သလို ခံတွင်းနဲ့အစပ်အဟပ်တည့်လွန်းတဲ့အသုပ်လေးမို့ အစားတစ်လိုင်းတို့ စိတ်ဝင်စားကြလိမ့်မယ်ထင်ပါတယ်နော်။

နန်းပြားသုပ်အတွက်အဓိကလိုအပ်တဲ့ ဂျုံခေါက်ဆွဲပြားကို အသင့်ဝယ်ယူလို့ရနိုင်ပေမယ့် ဆီလူးထားတာမျိုးတွေကို သိပ်မနှစ်သက်လို့ မင်မင်ကတော့ ဂျုံခေါက်ဆွဲပြားအခြောက်ထုပ်ဝယ်ပြီး နူးအောင်ပြုတ်ပါတယ်။ နူးသွားရင်ဆယ်ယူပြီး ရေအေးနဲ့ဆေးပေးကာ ရေစစ်ထားပါတယ်။ ဒီလိုပြုလုပ်ပြီးရတဲ့ ခေါက်ဆွဲပြားကပိုစီးပြီး သုပ်စားရတာလည်းပိုပြီးအရသာရှိတယ်။ ဂျုံခေါက်ဆွဲအပြားတွေကိုတော့ နီးစပ်ရာကုန်စုံဆိုင်တိုင်းမှာ ဝယ်ယူလို့ရပါတယ်နော်။

နန်းပြားသုပ်ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့-

  • -ဂျုံခေါက်ဆွဲပြား(၃၀)ကျပ်သား
  • -ကြက်ရင်ပုံသား(၁၅)ကျပ်သား
  • -ပဲမှုန့် (၅)ကျပ်သား
  • -ငရုတ်သီးအကျက်မှုန့် (ထမင်းစားဇွန်း ၁ ဇွန်း)
  • -သံပုရာသီး(၁)လုံး
  • -ပုဇွန်ထမ်းငံပြာရည် (ထမင်းစားဇွန်း ၂ ဇွန်း)
  • -ကြက်သားမှုန့် (လက်ဖက်စားဇွန်း ၁ ဇွန်း)

ပြုလုပ်ပုံကတော့-

(၁)-ကြက်သားကို သေးသေးနုပ်နုပ်လေးတွေစင်းပြီး ဆား ၊ ဆနွင်း ၊ ကြက်သားမှုန့်အနည်းငယ်နဲ့နယ်ပေးပါ။

(၂)-ဆီဇွန်းခွက် တစ်ဇွန်းစာလောက်ထည့်ပြီး ကြက်သွန်ဖြူနီထောင်းထည့်ကာ ဆီမွှေးသတ်ပေးပါ။

(၃)-နယ်ထားတဲ့ ကြက်သားတွေထည့်ပြီး ငံပြာရည်အနည်းငယ်ထည့်ကာ အဖုံးအုပ်ပြီး အနံ့မွှေးလာတဲ့အထိတည်ထားပေးပါ။

(၄)-အရသာအနေတော်ဖြစ်ပြီး အသားတွေနူးအိသွားရင်တော့ နန်းပြားသုပ်ရဲ့အဓိကဖြစ်တဲ့ ကြက်သားဟင်းအနှစ်ကိုရပါပြီ။

(၅)-နန်းပြားသုပ်သုပ်မယ်ဆိုရင်တော့ ရေစစ်ထားတဲ့နန်းပြားထဲကို ကြက်သားအနှစ် ၊ ပဲမှုန့် ၊ သံပုရာရည် ၊ ငံပြာရည် ၊ ငရုတ်သီးမှုန့်တွေရောထည့်ပြီး နယ်ပေးပါ။ ကြက်ဥ နဲ့ တွဲစားလိုတဲ့အစာပလာတွေကိုတော့ စိတ်ကြိုက်ထည့်စားလို့ရပါတယ်။ ဒါဆိုရင်တော့ အရသာထူးခြားကောင်းပြီး အစပ်အဟပ်တည့်လှတဲ့ နန်းပြားသုပ်လေးကို ရရှိပါပြီနော်။

Leave A Comment

Your email address will not be published. Required fields are marked *