လျှာလည်ပြီးထမင်းမြိန်စေမယ့် အိမ်ထမင်းဟင်းလက်ရာတွေကိုသုံးဆောင်နိုင်မယ့် ဒို့အကြိုက်မီးဖိုချောင်

မြန်မာထမင်းဟင်းနဲ့မြန်မာအစားအစာမျိုးစုံကို အဆင့်မြင့်တဲ့ပြင်ဆင်ချက်ပြုတ်မှုတွေနဲ့စားသုံးနိုင်မယ့် ဧပရယ်လ(၂)ရက်နေ့ကမှ ဖွင့်လှစ်ထားပြီး ဆိုင်အသစ်စက်စက်လေးဖြစ်တဲ့ ဒို့အကြိုက်မီးဖိုချောင်လေးအကြောင်းကို Foodies Navi ကနေဖောက်သည်ချပေးချင်ပါတယ်။ အိမ်မီးဖိုချောင်မှာစိတ်ကြိုက်ချက်ပြုတ်ပြင်ဆင်ထားတဲ့ အိမ်ချက်လက်ရာတွေအတိုင်း ခံတွင်းမြိန်သွားစေဖို့အတွက် အစားတစ်လိုင်းတို့အကြိုက်တွေ့သွားမှာသေချာတဲ့ဆိုင်လေးပါ။

ဒီဆိုင်လေးမှာတော့ ငါးအထူးကြိုက်သူတွေအတွက် ချိုမြလတ်ဆတ်တဲ့ ငါးအသားလွှာအရသာလေးတွေခံစားရရှိနိုင်မယ့် ငါးဘတ်မွှေ ၊ ငါးသလောက်ပေါင်း ၊ ငါးပြေးမသရက်သီချက် ၊ ငါးလေးအိုးကပ်ရေစပ်စပ် ၊ ငါးခူလိပ် ၊ ကက္ကတစ်ငါးကြော်နှပ် ၊ ငါးကြင်းအစပ် ၊ ငါးရံ့မုန်လာဥ ၊ ငါးရံ့ဒန့်ဒလွန် ၊ ငါးရံ့ကြွပ်ကြွပ်ကြော် ၊ ကင်မွန်းချဉ်ငါးဥချဉ်ရည်ဟင်း စတာတွေတွေကိုရရှိနိုင်ကာ ငါးမွှေနဲ့ငါးသလောက်ပေါင်းကလွဲပြီး တခြားဟင်းလျာတွေကို မှာယူမှသာချက်ပြုတ်ပေးတာဆိုတော့ ပူပူနွေးနွေးလတ်လတ်ဆတ်ဆတ် ငါးဟင်းလေးတွေစားချင်သူတွေအတွက် လုံးဝရှယ်ပဲနော်။ သုံးထပ်သားကိုဆီနည်းနည်းနဲ့ချက်ထားတဲ့ ဝက်ဂရိချက်ကတော့ တော်တော်လေးလူကြိုက်များတယ်။ အဆီအခေါက်အသားအကုန်လုံးက အိအိဖတ်ဖတ်လေးနဲ့သိပ်မအီတော့ စားရတာတော်တော်လေးကောင်းတယ်။ နံရိုးကြံမဆိုင်ဟင်းချိုကလည်း ကြက်မဆိုင်ဖတ်လေးတွေထဲမှာပါ ဝက်နံရိုးရဲ့အနှစ်အရသာတွေပျော်ဝင်နေပြီး တရွှတ်ရွှတ်သောက်လိုက်တိုင်း ထမင်းမြိန်စေဖို့အားဖြည့်ပေးနေသလိုပဲ။ အရသာထူးခြားပြီးထမင်းမြိန်စေမယ့် ရှယ်ဟင်းလျာတွေလည်း အများကြီးရှိသေးတယ်ဆိုတော့ နေ့လည်စာစားချိန်ဒိုးဖို့ဆိုင်ကောင်းလေး တွေ့ပြီပေါ့နော်။

နေ့ခင်းနေ့လည်အဆာပြေစားချင်တယ်ဆိုရင်လည်း ငါးခူသားချိုချိုဆိမ့်ဆိမ့်လေးနဲ့ချက်ပြုတ်ထားတဲ့ ငါးခူမုန့်ဟင်းခါးကို နံနံပင် ၊ ပူစီနံ ၊ ပဲသီး ၊ သံပုရာသီး ၊ ဆီချက် ၊ ငရုတ်သီးအစုံအလင်ထည့်ပြီး အားပါးတရစားလို့ရသေးတယ်နော်။  ပျားရည်နဲ့ဖျော်တဲ့ကော်ဖီလေးကလည်း လူပြောများလွန်းလို့စမ်းသောက်ကြည့်ဖို့ မမေ့နဲ့ဦးနော်။အစားအစာတိုင်းကို အချိုမှုန့်မသုံးဘဲ ဆီနည်းနည်းသာအသုံးပြုပြီး ချက်ပြုတ်ပေးထားတာကြောင့် ကျန်းမာရေးအတွက်လုံးဝစိတ်ချယုံကြည်နိုင်ပါတယ်။ “ဒို့အကြိုက်မီးဖိုချောင်”ရဲ့လိပ်စာကတော့  အမှတ်(၇၇၄) ၊ ၁၆/၁ ရပ်ကွက် ၊ ရတနာလမ်း ၊ သင်္ဃန်းကျွန်းမြို့နယ်ဖြစ်ပါတယ်။

Image Source: www.facebook.com/myfavouritekitchen

Leave A Comment

Your email address will not be published. Required fields are marked *