ချဉ်ချဉ်စပ်စပ်အရသာလေးကြောင့် ရှူးရှူးရှဲရှဲဖြစ်သွားစေမယ့် မာမားခေါက်ဆွဲထောင်း ပြုလုပ်နည်း

ချဉ်ချဉ်စပ်စပ်လေးတွေမှ မက်မက်မောမောခုံမင်တတ်ကြတဲ့ အစားတစ်လိုင်းတို့အတွက် ဒီတစ်ခါမှာတော့ အရမ်းကိုဟော့နေပြီး အစပ်အဟပ်တည့်တည့်လေးလုပ်စားနိုင်မယ့် ရှူးရှူးရှဲရှဲမာမားခေါက်ဆွဲထောင်းလေး အလွယ်တကူလုပ်စားနိုင်ဖို့အတွက် နည်းလမ်းကောင်းလေးကို ပြောပြပေးချင်ပါတယ်။ ပါဝင်ပစ္စည်းတွေကမီးဖိုချောင်းမှာ အမြဲဆောင်ထားတဲ့ပစ္စည်းလေးတွေဖြစ်သလို အချိန်တိုတိုလေးအတွင်း ပြုလုပ်နိုင်တာကြောင့် အစားတစ်လိုင်းတို့သဘောကျလိမ့်မယ်ထင်ပါတယ်နော်။

မာမားခေါက်ဆွဲထောင်းလေးပြုလုပ်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့-

  • -မားမားခေါက်ဆွဲထုပ်(၂)ထုပ်
  • -ကြက်သွန်နီ(၂)လုံး
  • -ပုဇွန်ထုပ် (၂)ကောင်
  • -ပဲသီး (၁)ထောင့်
  • -ငရုတ်သီးအနီတောင့် (၄)တောင့်
  • -သံပုရာသီး (၁)လုံး
  • -ခရမ်းကြွပ်သီး (၂)လုံး
  • -ခရမ်းချဉ်သီး (၂)လုံး
  • -ပျားရည် (၁)ဇွန်း
  • -ထန်းလျက်ခဲ (၂)ခဲ
  • -ငံပြာရည်အကြည် ထမင်းစားဇွန်း (၂)ဇွန်း
  • -သခွားသီး အသေး(၁)လုံး

ပြုလုပ်ပုံကတော့ ပုဇွန်ထုပ်ကိုပြုတ်ထားပြီး အခွံနွှာထားပေးပါ။ ငရုတ်သီးအညှာဖယ် ၊ ခရမ်းချဉ်သီးကို လေးစိတ်စိပ်ထားပြီး ကြက်သွန်နီကို လှီးထားပေးပါ။ သခွားသီးကိုလည်းအဝိုင်းလေးတွေလှီးထားပြီး ပဲသီးကိုလည်းအနေတော်အရွယ်လေးတွေ လှီးထားပါ။ ခေါက်ဆွဲပြုတ်ထားပြီး ငရုတ်ဆုံနက်နက်လေးထဲမှာ ငရုတ်သီးစိမ်း ၊ ထန်းလျက်ခဲ ၊ ခရမ်းချဉ်သီး ၊ ခရမ်းကြွပ်သီး ၊ ပဲသီး ၊ ကြက်သွန်နီ ၊ ပျားရည်တွေကိုရောထောင်းပါ။ ခေါက်ဆွဲနူးလာရင်တော့ဆယ်ယူပြီး ခေါက်ဆွဲထုပ်ထဲမှာပါဝင်တဲ့ အရသာထုပ်လေးတွေကို ဖောက်ထည့်ပါ။ ငရုတ်ဆုံမှာထည့်ထောင်းထားတာတွေကို ရောထည့်ပါ။ ပြီးရင်တော့ ငံပြာရည် ၊ သံပုရာရည် ၊ ပုဇွန်တို့ကိုရောထည့်ပြီး သမအောင်မွှေပေးပါ။ အရသာလိုသလိုပြင်ရင်တော့ အပေါ်ယံကနေ သခွားသီးလေးတွေတင်ပြီး ချဉ်ချဉ်စပ်စပ်ခေါက်ဆွဲထောင်းလေးကို ရှူးရှူးရှဲရှဲသုံးဆောင်လို့ရပါပြီနော်။

Leave A Comment

Your email address will not be published. Required fields are marked *