မဟားတရားတန်လွန်းတဲ့ (၅၀၀)ကျပ်တန် မာလာဟင်းဆိုင်

မတရားတန်တာတွေကိုမှ မွှေနှောက်ရှာဖွေတတ်ကြတဲ့ အစားတစ်လိုင်းတွေအတွက် သြချလောက်အောင် ဈေးတန်လွန်းတဲ့ မာလာဟင်းဆိုင်လေးအကြောင်း ဖောက်သည်ချပေးဦးမယ်ကွယ်။ ဘယ်လောက်တောင်တန်လဲဆိုရင် မာလာဟင်းတစ်ပွဲကို (၅၀၀)ကျပ်တည်းနဲ့ ကောင်းကောင်းလေးစားရမှာဖြစ်ပါတယ်။ သာကေတထဲမှာဆိုတော့ လမ်းကြုံအရမ်းကြီးမသင့်ပေမယ့် ကြုံလာဆုံလာတဲ့အခါမျိုးမှာ ဝင်ပြီးမြည်းစမ်းကြည့်လို့ရအောင် ညွှန်းပေးဦးမယ်နော်။ ဆိုင်နာမည်မရှိဘဲ လမ်းဘေးဆိုင်လေးဖြစ်ပေမယ့်  သန့်သန့်လေးနဲ့ လတ်လတ်ဆတ်ဆတ်စားလို့ကောင်းတဲ့ဆိုင်လေးပါ။

ဒီဆိုင်လေးက မာလာဟင်းအပြင် ယံယံမာလာ ၊ ရှမ်းမာလာ ၊ရှမ်းခေါက်ဆွဲ ၊ ရှမ်းအရည် ၊ မြေအိုးမြီးရှည် ၊ မြေအိုးခေါက်ဆွဲ ၊ ကျောက်ပွင့်သုပ် ၊ ငါးရေခွံကြော်သုပ် ၊ နန်းကြီးသုပ်တွေရနိုင်ပေမယ့် မာလာဟင်းကပိုပြီးတန်တယ်လို့ထင်တယ်။ အရွက်အသီးအစုံနဲ့ စိုစိုဖတ်ဖတ်လေးဆိုတော့ စားရတာပိုပြီးမြိန်ရှက်တယ်။ အရွက်အသီးတွေအကုန်လုံးလည်းလတ်ဆတ်တယ်။ မာလာဟင်းအနှစ်အရသာလေးကလည်း ချိုချဉ်ငံစပ်ကွက်တိလေးနဲ့ မာလာဟင်းထဲကပြောင်းဖူးစိလေးတွေပေါင်းဝါးမိလိုက်တိုင်း အရသာပိုပေါ်လွင်သလို ခံစားရတယ်။ ဈေးတန်လို့လည်း ပမာဏသိပ်မနည်းလှဘူး။ တစ်ယောက်ကောင်းကောင်းစားနိုင်တော့ ဘတ်ဂျတ်ချွေတာချင်သူတွေအတွက်လည်း တကယ့်ကိုအဆင်ပြေစေမှာပါ။

တခြားမီးနူးတွေလည်း ဈေးသက်သာပြီးအရသာကောင်းတယ်ရယ်။ တစ်ဆိုင်လုံးက (၅၀၀)ကနေ (၁၅၀၀)ကြားပဲပေးရတော့ ကြိုက်သလောက်အမုန်းဆွဲရင်တောင် (၅၀၀၀)ပြည့်မယ်မထင်။ ဒီလိုဈေးတန်ပြီး အရသာကောင်းလွန်းတဲ့ဆိုင်လေးကို သွားစားကြည့်ချင်တယ်ဆိုရင်တော့ သာကေတမြို့နယ် မင်းနန္ဒာလမ်းမပေါ်က City Mart ရဲ့မျက်နှာချင်းဆိုင်လမ်းကနေဝင်သွားရင် ဝင်ဝင်ချင်းနားကဆိုင်ပါ။ Bus နဲ့သွားမယ်ဆိုရင်တော့ မြေနီမှတ်တိုင်မှာဆင်းလို့ရတယ်နော်။

 

Image Source: www.facebook.com

Leave A Comment

Your email address will not be published. Required fields are marked *