မာလာအနှစ်အရသာတွေစိမ့်ဝင်နေတဲ့ ချဉ်ငံစပ်အရသာ”ငါးမာလာဟင်း”လုပ်စားကြရအောင်

ဟင်းလျာအဖုံဖုံကို ဘက်ပေါင်းစုံကနေတွေးတောကြံဆပြီး တစ်နေ့တစ်မျိုးမရိုးရအောင် ချက်ပြုတ်ရတာကလည်း အိမ်ရှင်မတွေရဲ့မနိုင်ဝန်တစ်ခုပါပဲ။ ချက်ရင်းနဲ့ကုန်ကုန်သွားတဲ့ ဟင်းလျာနာမည်ပေါင်းများစွာကိုလည်း ကျက်မှတ်နေစရာမလိုအောင် အလွတ်ရနေလောက်ပါပြီနော်။ မိသားစုဝင်တွေစိတ်ကျေနပ်စေဖို့ ဟင်းလျာအဆန်းလေးတွေလည်း ချက်ပေးချင်တယ်။ ဘာချက်ရမလဲဆိုတာလည်း ခေါင်းစားနေရတယ်ဆိုရင်တော့ မင်မင်အကြံပေးမယ့်ဟင်းနည်းလေးကို စမ်းသပ်ကြည့်ပါနော်။ မင်မင်လက်တို့ပေးမယ့် ဟင်းလျာလေးကတော့ ချိုမြတဲ့ငါးအရသာထဲကို မာလာဟင်းအနှစ်အရသာတွေစိမ့်ဝင်အောင်ချက်ပြုတ်ပြီး အရသာခံအာရုံကို တစ်ဖက်လှည့်နဲ့ဖမ်းစားမယ့် “ငါးမာလာဟင်း”ပဲဖြစ်ပါတယ်။ ခက်ခက်ခဲခဲကြီးမဟုတ်ဘဲ ပါဝင်ပစ္စည်းတွေကလည်း အလွယ်တကူဝယ်ယူနိုင်တာတွေမို့ လွယ်လင့်တကူချက်ပြုတ်နိုင်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်နော်။

ငါးမာလာဟင်းချက်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့-

  • -ငါးကြင်းတစ်ကောင်
  • -မာလာအနှစ်(ဟင်းခပ်ဇွန်းတစ်ခွက်စာ)
  • -ကြက်သွန်နီ(၂)လုံး
  • -ကြက်သွန်ဖြူ(၅)မွှာ
  • -ဂျင်းအနည်းငယ်
  • -ပဲငပိ(ဟင်းခပ်ဇွန်းတစ်ခွက်စာ)
  • -ခရမ်းချဉ်သီး(၃)လုံး
  • -မာလာဖတ်(စိတ်ကြိုက်)
  • -ကြွက်နားရွက်မှို(စိတ်ကြိုက်)
  • -ငရုတ်သီးစိမ်း(၅)တောင့်
  • -နံနံပင်အနည်းငယ်

ပြုလုပ်ပုံကတော့-

၁-ငါးကိုသေချာဆေးကြောသန့်စင်ပြီး ကြက်သားမှုန့်အနည်းငယ် ၊ နနွင်းအနည်းငယ်နဲ့အသားထဲစိမ့်ဝင်အောင် နယ်ပေးထားပါ။

၂-ဒယ်အိုးထဲမှာ ဆီ(ဟင်းခပ်ဇွန်း၂ဇွန်းစာ)ကို ဆူအောင်တည်ထားပြီး ကြက်သွန်ဖြူ/နီ ၊ ဂျင်းတွေထည့်ပြီးဆီမွှေးသတ်ပေးပါ။

၃-ပဲငပိ ၊ မာလာအနှစ်တွေကိုဆက်တိုက်ထည့်ပြီး နည်းနည်းမွှေးလာပြီဆိုတာနဲ့ ခရမ်းချဉ်သီးထည့်ပြီး ခရမ်းချဉ်သီးပျော်သွားတဲ့အချိန်မှာ ငါးကိုထည့်ပြီး လှိမ့်ပြီးချက်ပေးပါ။

၄-ငါးနဲ့အရသာတွေလုံးပြီးပြီဆိုရင်တော့ ခဏအိုးချထားပြီး မာလာအဖတ်တွေကိုပြုတ်ပေးပါ။ ကြွက်နားရွက်မှိုနဲ့နံနံပင် ၊ ငရုတ်သီးစိမ်းတွေကိုလည်း ရေဆေးထားပေးပါ။

၅-ငါးအိုးကိုပြန်တင်ပြီး ကြက်နားရွက်မှို ၊ မာလာအဖတ် ၊ တွေရောထည့် ၊ ရေတဝက်လောက်မြုပ်အောင် လောင်းထည့်ပြီးအဖုံးပိတ်တည်ထားပေးပါ။

၆-ဆီပြန်လာပြီး ပါဝင်ပစ္စည်းတွေနူးအိသွားပြီဆိုတော့ နံနံပင်နဲ့ငရုတ်သီးစိမ်းကိုပါးပါးလှီးပြီး အပေါ်ကနေအုပ်ပေးပါ။

ဒါဆိုရင်တော့ အနံ့အရသာပြည့်စုံတဲ့ ငါးမာလာဟင်းကို ရရှိပါပြီနော်။

Leave A Comment

Your email address will not be published. Required fields are marked *