တစ်ညလုံးအိပ်စက်အနားယူရာကနေ နိုးထလာတဲ့မနက်ခင်းအချိန်လေးဟာ ဗိုက်အဆာဆုံးအချိန်ပါပဲ။ မနက်ခင်းအချိန်မှာစားတဲ့ အစားအစာဟာ တစ်နေ့တာလုံးအတွက် အာဟာရအပြည့်ဝဆုံးဖြစ်သလို မှတ်ဉာဏ်ကောင်းမွန်စေဖို့အတွက်လည်း အထောက်အပံ့ပေးနိုင်ပါတယ်။ ဒါကြောင့် မနက်စာကောင်းကောင်းလေးစားရဖို့ဟာ လူတိုင်းအတွက်အင်မတန်အရေးကြီးလှပါတယ်။ မနက်စာတွေထဲမှ နန်းကြီးသုပ်ကိုတော့ တော်တော်များများကြိုက်တတ်ကြပါတယ်။ အဆာလည်းခံသလို အသားတွေထည့်သုပ်ထားတာကြောင့် စားရတာအရသာထိထိမိမိရှိလှပါတယ်။ ဆိုင်မှာသွားဝယ်စားမှ ဒီလိုထိမိတော့အရသာကို ခံစားရရှိနိုင်တာမဟုတ်ပါဘူး ။ ကိုယ်တိုင်လုပ်စားကြည့်မယ်ဆိုရင်လည်း လွယ်ကူသက်သာစွာနဲ့ စိတ်တိုင်းကျတဲ့အရသာကို ခံစားရရှိပြီး စိတ်ကြိုက်အဝစားနိုင်မှာပဲဖြစ်ပါတယ်။
နန်းကြီးသုပ်ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့-
- -နန်းကြီးဖတ် (၃၀)ကျပ်သား
- -ကြက်သား (၂၀)ကျပ်သား
- -ဂျင်း အနည်းငယ်
- -ကြက်သွန်နီ (၂)လုံး
- -ကြက်သွန်ဖြူ (၃)မွှာ
- -ငရုတ်သီးအကျက်မှုန့် အနည်းငယ်
- -ပဲမှုန့် (ထမင်းစားဇွန်း(၂)ဇွန်း)
- -ကြက်သားမှုန့် (ထမင်းစားဇွန်း(၁)ဇွန်း)
- -ပဲဆီ (ဇွန်းခွက်ကြီး(၁)ဇွန်း)
- -သံပုရာသီး(၁)လုံး
- -ငံပြာရည် (ထမင်းစားဇွန်း(၁)ဇွန်း)
အရင်ဦးဆုံး ဂျင်း ၊ ကြက်သွန်ဖြူ/နီ ၊ ငရုတ်သီးစိမ်းတွေကိုရောထောင်းပြီး ပဲဆီပူပူထဲကိုထည့်ကာ ဆီမွှေးသတ်ပါ။ ကြက်သားကိုနုတ်နုတ်စင်းပြီး ဆီမွှေးသတ်ထားတဲ့အိုးထဲ ထည့်ချက်ပါ။ ပြီးရင်တော့နယ်လို့ကောင်းတဲ့ ဇလုံတစ်ခုထဲမှာ နန်းကြီးဖတ် ၊ ကြက်သားချက် ၊ ပဲမှုန့် ၊ ငံပြာရည်၊ ကြက်သားမှုန့် တို့ကိုရောထည့်ပြီး သံပုရာရည်ညှစ်ထည့်ကာ နှံ့အောင်နယ်ပေးပါ။ အရသာအပေါ့အငံမြည်းစမ်းကြည့်ပြီး စိတ်တိုင်းကျပြီဆိုရင်တော့ အရသာထိမိလှတဲ့နန်းကြီးသုပ်လေးကို အသင့်စားသုံးလို့ရပါပြီနော်။ နန်းကြီးသုပ်ထဲမှာ ငါးဖယ်ကြော် ၊ ကြက်ဥပြုတ် ၊ ကြက်သွန်နီ ၊ နံနံပင်တို့ကိုထည့်ပြီး စိတ်တိုင်းကျတွဲဖက်စားသုံးနိုင်ပါတယ်။